တိတုဩဝါဒစာ

1

1 မုသာ နှင့် ကင်းစင် တော်မူ သော ဘုရားသခင် သည်၊ ရှေး ကပ်ကာလ ရောက်မှီ ဂတိ ထားတော်မူ၍၊ ငါ တို့ကိုကယ်တင် သော အရှင်ဘုရားသခင် ၏ ပညတ် တော်အတိုင်း2 ငါ ၌အပ် ထားသော တရား ဟောခြင်း၊ အခွင့်အားဖြင့် တော်လျော်သောအချိန် ၌၊ နှုတ်ကပတ် တရားတော်ကို ထင်ရှား စေတော်မူသောအရာနှင့် စပ်ဆိုင်သောထာဝရ အသက် ကို မြော်လင့် သည်ဖြစ်၍၊ ဘုရား ဝတ်၌ မွေ့လျော်ခြင်းနှင့်ဆိုင်သော သမ္မာတရား ကိုဝန်ခံ ခြင်းအလိုငှာ၎င်း 3 ဘုရားသခင် ရွေးကောက် တော်မူသော သူတို့၏ ယုံကြည် ခြင်းအလိုငှာ ၎င်း၊ ဘုရားသခင် ၏ ကျွန် တည်းဟူသော၊ ယေရှု ခရစ် ၏ တမန်တော် ဖြစ်သောငါပေါလု သည် 4 ဆက်ဆံ သောယုံကြည် ခြင်းအားဖြင့် ငါ့သား စစ် ဖြစ်သော တိတု ကိုကြားလိုက်ပါ၏။ ငါ တို့ကိုကယ်တင် တော်မူသော အရှင်သခင်ယေရှု ခရစ် နှင့် ခမည်းတော် ဘုရားသခင့် အထံ တော်က ကျေးဇူး ၊ ကရုဏာ၊ ငြိမ်သက် ခြင်းရှိပါစေသော။ 5 ငါ သည် သင့် ကို မှာထား ခဲ့နှင့်သည်အတိုင်း ၊ ကရေတေ ကျွန်း၌ စုံလင်သမျှ တို့ကို ပြင်ဆင် ၊ မြို့ ရွာ များ၌ သင်းအုပ် တို့ကို ခန့်ထား စေခြင်းငှာ ၊ ထို ကျွန်း၌ သင့် ကို ငါထား ခဲ့သတည်း။ 6 အပြစ်တင် ခွင့်နှင့်ကင်းလွတ်သောသူ၊ မယား တစ်ယောက်တည်း ရှိသောသူ ဖြစ် လျှင် ၎င်း၊ သူ၏သားသမီး တို့သည် ကာမဂုဏ်၌ လွန်ကျူး သည်ဟု အပြစ်တင် ခြင်း၊ နား မထောင်ခြင်းနှင့် လွတ်၍ ယုံကြည် လျှင်၎င်း၊ ထိုသို့သောသူကို ခန့်ထားအပ်၏။ 7 အကြောင်းမူကား ၊ သင်းအုပ် သည် ဘုရားသခင် ၏ ဘဏ္ဍာစိုး ကဲ့သို့ ၊ အပြစ်တင် ခွင့်နှင့် ကင်းလွတ်သော သူဖြစ် ရမည်။ ကိုယ် အလိုသို့ လိုက်တတ်သောသူ၊ စိတ်တို သောသူ၊ စပျစ်ရည် နှင့်ပျော်မွေ့သောသူ၊ သူတစ်ပါး ကို ရိုက်ပုတ်သောသူ၊ မ စင်ကြယ်သောစီးပွားကို တပ်မက်သောသူ မ ဖြစ် ရဘဲ 8 ဧည့်သည် ဝတ်ကိုပြုတတ်သောသူ၊ သူတော်ကောင်း နှင့်အဆွေဖွဲ့သောသူ၊ ဣန္ဒြေ စောင့်သောသူ၊ ဖြောင့်မတ် သောသူ၊ သန့်ရှင်း သောသူ၊ ကာမဂုဏ် ကို ချုပ်တည်းသောသူဖြစ်ရမည်။ 9 စင်ကြယ် သော ဩဝါဒ အားဖြင့် တိုက်တွန်း သွေးဆောင်ခြင်းငှာ၎င်း၊ ငြင်းခုံ သောသူ တို့၏ စကား ကို ချေခြင်းငှာ၎င်း တတ်နိုင် မည်အကြောင်း ၊ ကိုယ်တိုင်သင်ပြီးသောသစ္စာစကားတော်ကို အမြဲစွဲလမ်းသောသူ ဖြစ် ရမည်။ 10 အကြောင်းမူကား၊ နား မထောင်ဘဲအချည်းနှီးသော စကားကိုပြော၍၊ လှည့်ဖြား တတ်သောသူအများ ရှိကြ၏။ အရေဖျားလှီး ခြင်းကို ခံသောသူ တို့တွင်လည်း အထူးသဖြင့် ရှိကြ၏။ 11 ထိုသူ တို့၏နှုတ် ကိုပိတ်ရ မည်။ သူတို့သည် မ စင်ကြယ်သော စီးပွား ကိုတပ်မက်လျက်၊ မ ပေးအပ်သော ဩဝါဒ ကိုပေး၍၊ တစ်အိမ်ထောင် လုံး ကို မှောက်လှန် တတ်ကြ၏။ 12 သူ တို့အပါအဝင် ၊ အမျိုးသား ချင်းပရောဖက် ဆရာတယောက်က၊ ကရက် သားမြဲ ၊ မုသာ စွဲလမ်း၊ သားရဲ ကြမ်းကြုတ် ၊ စားကြူး တုတ်တုတ်၊ လူယုတ် ပေဟု စပ်ဆို သတည်း။ 13 သက်သေ မှန် ၏။ ထိုကြောင့် ၊ သူ တို့သည် ယုဒ ဒဏ္ဍာရီ စကားကို၎င်း ၊ သမ္မာတရား ကိုစွန့် သောလူ တို့၏ ပညတ် တို့ကို၎င်း 14 အမှု ထားဘဲ ယုံကြည် ခြင်းအမှု၌ စင်ကြယ် စေခြင်းငှာ ၊ သူတို့ကို ကျပ်တည်း စွာ ဆုံးမ ပြစ်တင်လော့။ 15 စင်ကြယ် သောသူတို့အား ခပ်သိမ်း သောအရာတို့သည် စင်ကြယ် လျက်ရှိကြ၏။ မ စင်ကြယ်၊ မယုံကြည် သောသူတို့အား အဘယ် အရာမျှမစင်ကြယ် ။ သူ တို့၏ နှလုံးလည်း မ စင်ကြယ်။ ကိုယ်ကိုကိုယ် သိသောစိတ် လည်း မစင်ကြယ်။ 16 သူတို့သည် ဘုရားသခင် ကို သိ ယောင်ဆောင် သော်လည်း ။ အကျင့် အားဖြင့်ဘုရားသခင်ကို ငြင်းပယ် ကြ၏။ စက်ဆုပ် ရွံ့ရှာဘွယ်သောသူ၊ နားမထောင် သောသူ၊ ကောင်း သောအမှု တစ်ခုကိုမျှ ပြုတတ်သော ဉာဏ် မရှိသောသူဖြစ် ကြ၏။

2

1 သင် မူကား ၊ စင်ကြယ် သောဩဝါဒ နှင့်ထိုက်တန် သမျှ တို့ကို ဟောပြော လော့။ 2 အသက် ကြီးရင့်သောယောက်ျားတို့သည် သမ္မာ သတိရှိသောသူ၊ တည်ကြည် သောသူ၊ ဣန္ဒြေ စောင့် သောသူ၊ ယုံကြည် ခြင်း၊ ချစ် ခြင်း၊ သည်းခံ ခြင်း၌ စိတ်သန် သောသူ ဖြစ် ရကြမည်အကြောင်း 3 ထိုနည်းတူ ၊ အသက် ကြီးရင့်သောမိန်းမတို့သည် ကျင့်ကြံ ပြုမူရာမှာ ဓမ္မ အမှုနှင့်ထိုက်တန်သောသူ၊ မ ချောစား တတ်သောသူ၊ စပျစ်ရည် ၌ မ လွန်ကြူးတတ်သောသူ၊ ကောင်း သောအတတ်ကို သင်ပေးတတ်သောသူ ကိုယ်တိုင်ဖြစ်၍ 4 ဘုရားသခင် ၏ နှုတ်ကပတ် တရားတော်ကို ကဲ့ရဲ့ ခြင်းနှင့် ကင်းလွတ်စိမ့်သောငှာ ၊ အသက် ပျိုသော မိန်းမတို့သည် ကိုယ် ခင်ပွန်းကို ချစ်သောသူ၊ သားသမီး ကို ချစ်သောသူ 5 ဣန္ဒြေ စောင့်သောသူ၊ စင်ကြယ် သောသူ၊ မိမိ အိမ်ကိုပြုစုသောသူ၊ ကောင်းမွန် သောသူ၊ ခင်ပွန်း ၏ အုပ်စိုးခြင်းကို ဝန်ခံ သောသူဖြစ်စေခြင်းငှာ ၊ အသက်ကြီးရင့်သောမိန်းမတို့သည် ဆုံးမပေးရကြမည်အကြောင်း 6 ထိုနည်းတူ ၊ အသက် ပျိုသောယောက်ျားတို့သည်လည်း၊ ဣန္ဒြေ စောင့်ရကြမည်အကြောင်း တိုက်တွန်း သွေးဆောင်လော့။ 7 အရာရာ ကောင်း သောအကျင့် တို့၏ ပုံ သက်သေကိုကိုယ်တိုင် ပြ လော့။ ဆုံးမ ဩဝါဒပေးသောအခါ ၊ မိစ္ဆာ ဒိဋ္ဌိနှင့်ကင်းခြင်း၊ တည်ကြည် ခြင်း 8 အပြစ်တင် ဘွယ်မရှိ၊ စင်ကြယ် သောတရား စကားကို ဟောပြောခြင်းတို့ကို ပြုလော့။ သို့ဖြစ်၍ ၊ တစ်ဘက် ၌ နေသောသူ သည်၊ ငါ တို့ကို ကဲ့ရဲ့ စရာအခွင့် မ နိုင်သောကြောင့် ၊ ရှက်ကြောက် ခြင်းသို့ ရောက်လိမ့်မည်။ 9 အစေခံ ကျွန်တို့သည်။ ငါ တို့ကို ကယ်တင် တော်မူသော အရှင်ဘုရားသခင် ၏ ဩဝါဒ ကိုအရာရာ တန်ဆာ ဆင်ခြင်းငှာ ၊ မိမိ တို့ သခင် ၏အုပ်စိုးခြင်းကို ဝန်ခံ ၍၊ ငြင်းခုံ ခြင်းမ ရှိဘဲ၊ အရာရာ သခင်၏အလို သို့လိုက်မည်အကြောင်း နှင့် 10 တိတ်ဆိတ်စွာ ခိုးယူ ခြင်းကိုမ ပြုဘဲ၊ ခပ်သိမ်း သောသစ္စာ ကို ထင်ရှား စွာ ပြ မည်အကြောင်းတိုက်တွန်းသွေးဆောင်လော့။ 11 အကြောင်းမူကား ၊ မင်္ဂလာ ရှိသောမြော်လင့် ရာကို၎င်း ၊ ကြီးမြတ် သော ဘုရားသခင် တည်းဟူသော၊ ငါ တို့ကို ကယ်တင် တော်မူသောအရှင်သခင် ယေရှု ခရစ် ၏ ဘုန်း အသရေတော် ထင်ရှား ပေါ်ထွန်းခြင်းကို၎င်း12 ငါ တို့သည် မြော်လင့်လျက်၊ ဘုရားမဲ့ တရားမဲ့နေခြင်း၊ လောကီ တပ်မက် ခြင်းကို ပယ်ရှား လျက် ၊ ယခု ဘဝ ဣန္ဒြေ စောင့်ခြင်း၊ တရား သဖြင့်ကျင့်ခြင်း၊ ဘုရား ဝတ်၌မွေ့လျော် ခြင်းတို့ကို ပြုနေရမည်အကြောင်း13 ငါတို့ကို ဆုံးမသွန်သင်၍၊ လူ အပေါင်း တို့ကို ကယ်တင် တတ်သော ဘုရားသခင် ၏ကျေးဇူး တော်သည် ထင်ရှား ပေါ်ထွန်းလျက်ရှိ၏။ 14 ထိုသခင် ယေရှုခရစ်သည် ခပ်သိမ်း သော ဒုစရိုက် မှ ငါ တို့ကို ရွေးနှုတ် ခြင်းငှာ ၎င်း ၊ ကောင်း သော အကျင့် ဘက်၌ စိတ်အားကြီး ၍၊ ပိုင်ထိုက် တော်မူသော အမျိုး ကိုမိမိ အဘို့ စင်ကြယ် စေခြင်းငှာ၎င်း၊ ကိုယ်ကိုကိုယ် စွန့်ကြဲ တော်မူပြီ။ 15 တရားစကားကိုဟောပြော ခြင်း၊ တိုက်တွန်း သွေးဆောင်ခြင်း၊ ဆုံးမ ပြစ်တင်ခြင်းတို့ကို ခပ်သိမ်း သော အာဏာ နှင့်တကွ ပြုလော့။ အဘယ်သူ မျှသင့် ကိုမထီမဲ့မြင် မပြုစေနှင့်။

3

1 လူ တို့သည် အထွဋ်အမြတ်အာဏာစက် ၏ အုပ်စိုး ခြင်းကို ဝန်ခံ စေခြင်းငှာ၎င်း၊ မင်း၏စကားကို နားထောင် စေခြင်းငှာ၎င်း၊ ကောင်း သောအမှု အမျိုးမျိုး တို့ကို ပြု၍ အသင့် ဖြစ် စေခြင်းငှာ၎င်း 2 အဘယ်သူ ကိုမျှမကဲ့ရဲ့ ၊ ရန်တွေ့ ခြင်းကိုမပြု၊ ဖြည်းညှင်း သော သဘောရှိ၍၊ ခပ်သိမ်း သောသူ တို့၌ အလွန်နူးညံ့ သိမ်မွေ့စွာ ပြု စေခြင်းငှာ၎င်း သတိပေး လော့။ 3 အကြောင်းမူကား ၊ အထက် က ငါ တို့သည် ပညာ မဲ့သောသူ၊ နားမထောင် သောသူ၊ မှားယွင်း သောသူ၊ အထူးထူး အပြားပြားသော တပ်မက် ခြင်း၊ ကာမဂုဏ် ခံစားခြင်း အမှု တို့ကို ဆောင်ရွက်သောသူ၊ မနာလို ခြင်း၊ ငြူစူ ခြင်း၌ ကျင်လည် သောသူ၊ စက်ဆုပ် ရွံရှာဘွယ်သောသူ၊ အချင်းချင်း မုန်း သောသူဖြစ် ကြ၏။ 4 ငါ တို့ကိုကယ်တင် တော်မူသောအရှင်ဘုရားသခင် ၏ စေတနာ တော်နှင့် လူတို့ကိုချစ်တော်မူသော မေတ္တာတော်သည် ပေါ်ထွန်း သောအခါ5 ငါ တို့ကျင့် သော ဖြောင့်မတ် ခြင်းအကျင့် အားဖြင့် ဟုတ်ဘဲ၊ မိမိ သနား ခြင်းကရုဏာတော်နှင့်အညီ ဒုတိယ မွေးခြင်းနှင့်ဆိုင်သော ဆေးကြော ခြင်းအားဖြင့်၎င်း၊သန့်ရှင်း သောဝိညာဉ် တော်၏အသစ် ပြုပြင် ခြင်းအားဖြင့် ၎င်း၊ ငါ တို့ကို ကယ်တင် တော်မူ၏။ 6 ငါ တို့ကို ကယ်တင် သော အရှင်ယေရှု ခရစ် အားဖြင့် ငါ တို့အပေါ်သို့ ထို ဝိညာဉ်တော်ကို ကြွယ်ဝ စွာသွန်းလောင်း တော်မူ၏။ 7 အကြောင်းမူကား၊ ငါတို့သည် ဘုရားသခင် ၏ကျေးဇူး တော်အားဖြင့် ဖြောင့်မတ် ရာသို့ရောက်၍ ထာဝရ အသက် ကို မြော်လင့် သည်နှင့်အညီ အမွေခံ ဖြစ် ကြမည်အကြောင်း တည်း။ 8 ဤစကား သည် သစ္စာ စကားဖြစ် ၏။ ဘုရားသခင် ကို ယုံကြည် သောသူ တို့သည် ကောင်း သောအကျင့် တို့ကို အမြဲကျင့်အံ့သောငှာသတိပြု ရကြမည်အကြောင်း ၊ သင် သည် ဤ အရာများကို ကြိုးစား၍ ဟောပြောစေခြင်းငှာငါအလိုရှိ ၏။ ထို အကျင့်တို့သည် ကောင်း သည်သာမက၊ လူ တို့၏အကျိုး ကို ပြုစုတတ်သော အကျင့်ဖြစ် ကြ၏။ 9 မိုက်မဲ သောပုစ္ဆာ အမေးတို့ကို၎င်း ၊ ဆွေစဉ်မျိုးဆက် စာရင်းတို့ကို၎င်း၊ ပညတ် တရားကြောင့် ရန်တွေ့ ခြင်း၊ တိုက်လှန် ခြင်းတို့ကို၎င်း ရှောင် လော့။ အကြောင်းမူကား ၊ ထိုအရာတို့သည် အကျိုး မရှိ၊ အချည်းနှီး သက်သက်ဖြစ် ကြ၏။ 10 သင်းခွဲ သောသူ ကို နှစ် ကြိမ်မြောက်အောင်ဆုံးမ ပြီးမှ ပယ်ရှား နှင်ထုတ်လော့။ 11 ထိုသို့သော သူသည် ကိုယ့် အပြစ်ကိုသိ လျက်ပင် အပြစ် ပြု၍ မှောက်လှန် သောစိတ် ရှိ သောသူ ဖြစ်သတည်း။ 12 အာတေမ သော်၎င်း ၊ တုခိတ် သော်၎င်း၊ သင့် ဆီသို့ ငါစေလွှတ် သောအခါ နိကောပလိ မြို့တိုင်အောင် ငါ့ ထံသို့ လာ ခြင်းငှာကြိုးစား လော့။ ဆောင်း ကာလပတ်လုံး ထိုမြို့ ငါနေမည်ဟုအကြံရှိ ၏။ 13 ကျမ်း ဆရာဇေန နှင့် အာပေါလု အဘယ် အရာမျှမလို စေခြင်းငှာ ကြိုးစား ၍လမ်း၌ ပို့လော့။ 14 ငါ တို့၏လူ များသည်လည်း အသီး မဲ့သောသူမ ဖြစ် ၊ ကိုယ်သုံးစရာဘို့ရှိရမည်အကြောင်း ၊ ကောင်း သောအကျင့် တို့ကိုအမြဲကျင့်အံ့သောငှာသင် ကြစေ။ 15 ငါ့ ထံမှရှိသောသူ အပေါင်း တို့သည် သင့် ကိုနှုတ်ဆက် ကြ၏။ ယုံကြည် ခြင်းနှင့်တကွ ငါ တို့ကိုချစ် သောသူ များကို နှုတ်ဆက် လော့။ သင် တို့အပေါင်း ၌ ကျေးဇူး တော်ရှိ စေသတည်း။ အာမင်။