ကောရိန္တု ဩဝါဒစာ ဒုတိယစောင်
11 ဘုရားသခင် ၏အလို တော်အားဖြင့် ယေရှု ခရစ် ၏ တမန်တော် ဖြစ်သော ငါ ပေါလုနှင့် ငါ့ညီ တိမောသေ သည်၊ ကောရိန္သု မြို့၌ ရှိ သော ဘုရားသခင် ၏ အသင်းတော် မှစ၍ ၊ အခါယ ပြည် အရပ်ရပ် တို့၌ ရှိ သော သန့်ရှင်း သူအပေါင်း တို့ကို ကြားလိုက်ပါ၏။ 2 သခင် ယေရှု ခရစ် နှင့် ငါ တို့အဘ တည်းဟူသောဘုရားသခင် အထံတော်က ကျေးဇူး တော်နှင့် ငြိမ်သက် ခြင်းသည် သင် တို့၌ ရှိပါစေသော။ 3 သနား ခြင်းကရုဏာ၏အဘ ၊ သက်သာ ခြင်းအမျိုးမျိုး တို့၏ အရှင် တည်းဟူသောငါ တို့သခင် ယေရှု ခရစ် ၏ ခမည်းတော် ဘုရားသခင် သည် မင်္ဂလာ ရှိတော်မူစေသတည်း။ 4 ငါတို့သည် ဘုရားသခင် ၏ ကျေးဇူးတော်အားဖြင့် ကိုယ်တိုင် သက်သာ ခြင်းရှိသကဲ့သို့ ၊ ဆင်းရဲ ခြင်းအမျိုးမျိုး ကို ခံရသောသူ တို့ အား သက်သာ စေနိုင် မည်အကြောင်း ၊ ဆင်းရဲ ခြင်းအမျိုးမျိုး တို့၌ ဘုရားသခင် သည် ငါ တို့အားသက်သာ စေ တော်မူ၏။ 5 အဘယ်သို့ နည်းဟူမူကား၊ ခရစ်တော် ကြောင့် ငါ တို့ခံရသော ဆင်းရဲ ခြင်းသည် အလွန်များပြား သည် နည်းတူ ၊ ခရစ်တော် ၏ကျေးဇူးအားဖြင့် ငါ တို့ခံရသော သက်သာ ခြင်းသည် အလွန်များပြား ၏။ 6 သို့ဖြစ်၍ ငါတို့သည် ဆင်းရဲ ခြင်းကိုခံရသော်၎င်း၊ သက်သာ ခြင်း သို့ရောက်သော်၎င်း၊ သင် တို့၏ သက်သာ ခြင်းနှင့် ကယ်တင် ခြင်း အကျိုး အလိုငှာဖြစ်၏။ ငါ တို့သည် ဆင်းရဲခြင်း ကိုခံရသကဲ့သို့ သင်တို့သည် သည်းခံသော စိတ် နှင့် ခံရသောအားဖြင့်၊ ထိုသက်သာခြင်းနှင့် ကယ်တင်ခြင်းသည်ပြည့်စုံတတ်၏။ 7 သင် တို့အတွက် ကြောင့်ငါ တို့သည် မ ရွေ့နိုင်သော မြော်လင့် ခြင်းရှိ၏။ သင်တို့သည် ဆင်းရဲ ခြင်းကိုဆက်ဆံ သကဲ့သို့ ၊ ထိုနည်းတူ သက်သာ ခြင်းကို ဆက်ဆံကြ၏ဟုငါတို့သည်သိ ကြ၏။ 8 ညီအစ်ကို တို့၊ အာရှိ ပြည်၌ ငါ တို့ခံရသော ဆင်းရဲ ခြင်းတည်းဟူသော အသက် မ လွတ်နိုင်ဟု ထင်ရ၍၊ မခံနိုင်အောင်အတိုင်း ထက် အလွန် လေး သော ဆင်းရဲခံရကြောင်း ကို သင် တို့မ သိဘဲ နေစေခြင်းငှာငါ တို့ အလိုမ ရှိ။ 9 ငါ တို့သည်မိမိ ကိုယ်ကိုအစဉ်မ ကိုးစား ဘဲ၊ သေ သောသူ တို့ကို ထမြောက် စေတော်မူသော ဘုရားသခင် ကို ကိုးစားမည်အကြောင်း သေ စေဟုစီရင် ခြင်းကို ကိုယ်တိုင် ခံရသကဲ့သို့ဖြစ် ၏။ 10 ထိုဘုရားသခင် သည် ငါ တို့ကိုထိုမျှလောက်ကြီးစွာ သော သေ ဘေးမှ ကယ်လွှတ် တော်မူပြီ။ ယခု၌ လည်း ကယ်လွှတ် တော်မူသေး၏။ 11 သင် တို့သည်ကူညီ ၍ ငါ တို့အဘို့ ဆုတောင်း လျှင်၊ နောက်၌လည်း ကယ်လွှတ်တော်မူလတံ့ဟု ငါတို့သည် ယုံကြည်မျှော်လင့် ခြင်းရှိ၏၊ ထိုသို့ဖြစ်လျှင်အများ သော သူတို့သည် ကူညီသောအားဖြင့် ငါ တို့၌ ရောက်သော ကျေးဇူး ကို အများ သောသူတို့သည်ထောက် ၍ ငါ တို့အတွက် ကျေးဇူးတော်ကို ချီးမွမ်း ကြလိမ့်မည်။ 12 ငါ တို့ဝါကြွား ဝမ်းမြောက်ခြင်း အကြောင်း ဟူမူကား၊ လောကီ ပညာ ကိုအမှီမ ပြု ၊ ဘုရားသခင် ၏ ကျေးဇူး တော်ကို အမှီပြု၍ လျစ်လျူ သောစိတ်နှင့်၎င်း ၊ ဘုရားသခင် အလိုတော်ရှိသောကြည်ဖြူ ခြင်းနှင့်၎င်း၊ ငါ တို့သည်ဤလောက ၌ ကျင့်ကြံပြုမူ ၍ သင် တို့ဆီမှာ လည်း ထိုသို့အထူးသဖြင့်ကျင့်ကြံ ပြုမူသည်ဟု ကိုယ်ကိုကိုယ် သိသော စိတ်သည်သက်သေခံ သတည်း။ 13 သင် တို့သည်ဖတ် ၍ ဝန်ခံ သောအရာ မှတပါး ၊ 14 အခြား သောအရာကို ငါတို့သည် ရေး ၍ ပေးလိုက်သည်မ ဟုတ်။ သင် တို့သည် သခင် ယေရှု ခရစ် နေ့ ၌ ငါတို့၏ဝါကြွား ဝမ်းမြောက်ခြင်း အကြောင်း ဖြစ် သကဲ့သို့ ၊ ငါ တို့သည်သင် တို့၏ ဝါကြွားဝမ်းမြောက်ခြင်း အကြောင်းဖြစ်သည်ဟု သင်တို့သည်ငါ တို့ကို အနည်းငယ် အားဖြင့် ဝန်ခံသည်အတိုင်း အစဉ် ဝန်ခံ ကြလိမ့်မည်ဟု ငါတို့သည် မြော်လင့် လျက် နေကြ၏။ 15 အစဉ်ဝန်ခံမည်ဟု ငါသဘောကျ လျက်ရှိ၍ ၊ သင်တို့သည်တဖန် ဆုကျေးဇူး တော်ကိုခံရ စေခြင်းငှာ ငါ သည်သင် တို့ဆီသို့ အရင် လာ မည်ဟု အကြံရှိ ၏။ 16 သင် တို့အနားမှာရှောက် ၍ မာကေဒေါနိ ပြည်သို့ သွား ပြီးလျှင်၊ တဖန် မာကေဒေါနိ ပြည်မှ သင် တို့ နေရာသို့ လာ ၍ ၊ ယုဒ ပြည်တိုင်အောင် သင် တို့ပို့ ခြင်း ကျေးဇူးကို ခံမည်ဟုအကြံရှိ၏။ 17 ထိုသို့ အကြံရှိ သောအခါ လျှပ်ပေါ် သော စိတ်ရှိ သလော။ သို့မဟုတ် ငါ့ စကားမှာ ဟုတ်မှန် ၏၊ ဟုတ်မှန် ၏ဟူ၍၎င်း ၊ မ ဟုတ်မမှန်၊ မ ဟုတ်မမှန်ဟူ၍၎င်း၊ ဖြစ် စေခြင်းငှာ ငါကြံစည် သောအရာ ကို ဇာတိ ပကတိ အတိုင်း ကြံစည် သလော။ 18 ဘုရားသခင် သည် သစ္စာ နှင့်ပြည့်စုံတော်မူသကဲ့သို့ ၊ သင် တို့ဆီသို့ ငါ တို့ပေးလိုက်သော စကား သည် ဟုတ်မှန် ၏ ဟူ၍၎င်း ၊ မ ဟုတ်မမှန် ဟူ၍၎င်း၊ မ ဆိုလို ။ 19 ငါ မှစ၍ သိလွာနု နှင့် တိမောသေ တို့သည် သင် တို့အား ဟောပြော သော ဘုရားသခင် ၏သား တော် ယေရှု ခရစ် သည် ဟုတ်မှန် ဟူ၍၎င်း ၊ မ ဟုတ်မမှန်ဟူ၍၎င်းမ ဆိုလို ဘဲ၊ ကိုယ်တော် မှာ ဟုတ်မှန် ဟူ၍ သာဆိုလို သတည်း။ 20 ထိုသခင်မှာ ဘုရားသခင် ၏ ဂတိ တော်ရှိသမျှ တို့သည် ငါ တို့ အားဖြင့် ဘုန်း အသရေတော်ကိုထင်ရှားစေခြင်းအလိုငှာ၊ ဟုတ်မှန် ၏ဟူ၍၎င်း ၊ အာမင် ဟူ၍၎င်းဖြစ် သတည်း။ 21 သင် တို့နှင့် ငါ တို့ကို ခရစ်တော် ၌ တည် စေ၍ ဘိသိက် ပေးသော သူ ကား၊ ဘုရားသခင် ဖြစ်သတည်း။ 22 ထိုဘုရားသခင် သည် ငါ တို့ကိုတံဆိပ် ခတ်၍ ငါ တို့စိတ် နှလုံးထဲ၌ ဝိညာဉ် တော်တည်းဟူသောစားရန် ကိုသွင်းပေး တော်မူ၏။ 23 ငါ သည်သင် တို့ကို သနား သောကြောင့် သာ ယခု တိုင်အောင်ကောရိန္သု မြို့သို့ မ လာ ဟု ငါ စိတ် ဝိညာဉ် ဘက်၌ ဘုရားသခင် ကို ငါတိုင်တည် ၏။ 24 ထိုသို့ဆိုသော်လည်း၊ ငါတို့သည်သင် တို့၏ ယုံကြည် ခြင်းကို အစိုးရ သည်မ ဟုတ်။ သင် တို့၏ ဝမ်းမြောက် ခြင်းအကြောင်း ကို ကူမ ၍သာပြု ကြ၏။ အဘယ်ကြောင့် နည်းဟူမူကား၊ ယုံကြည် ခြင်းအားဖြင့်သင်တို့သည်တည်နိုင် ကြ၏။
21 ထိုမှတစ်ပါး၊ ဝမ်းနည်း ခြင်းနှင့်တကွ သင် တို့ဆီသို့ နောက် တဖန် ငါ မ လာ ဟု ငါစိတ်ပြဋ္ဌာန်း ခဲ့ပြီ။ 2 အကြောင်းမူကား ၊ ငါ သည်သင် တို့ကို ဝမ်းနည်း စေလျှင် ၊ ထိုသို့ ဝမ်းနည်း စေသောသူ ကိုမှတပါး အဘယ်သူ သည် ငါ့ ကိုဝမ်းမြောက် စေမည်နည်း။ 3 ငါ ဝမ်းမြောက် ခြင်း၏ အကြောင်းသည် သင် တို့ ရှိသမျှ ၏ ဝမ်းမြောက် ခြင်းအကြောင်း ဖြစ် သည်ကို ငါသဘောကျသည်ဖြစ်၍၊ ငါရောက် သောအခါ ငါ့ကို ဝမ်းမြောက်စေအပ်သောသူတို့သည် ဝမ်းနည်းခြင်းအကြောင်းကို မပြုစေခြင်းငှာ၊ အထက်စာကို ငါရေး ၍ ပေးလိုက်၏။ 4 အလွန် ညှိုးငယ် ပူပန် သောစိတ် နှင့် မျက်ရည် အများ ကျလျက်၊ သင် တို့အား ငါရေး ၍ပေးလိုက်၏။ သင်တို့ကိုစိတ်နာ စေခြင်းငှာ ငါရေးသည်မ ဟုတ်။ ငါ သည် သင် တို့အား အလွန် ချစ် သောမေတ္တာစိတ်ကို သင်တို့ သိ စေခြင်းငှာ ငါရေး၏။ 5 တစ်စုံတစ်ယောက် သောသူသည် ဝမ်းနည်း ခြင်းအကြောင်းကို ပြုသည်မှန်လျှင် ၊ သင်တို့တွင် အချို့သော သူတို့အားဖြင့်သာ ငါ့ ကို ဝမ်းနည်း စေ၏။ သင် တို့ရှိသမျှ ကို ကျပ်တည်း စွာမ စီရင်လို။ 6 အများ သောသူတို့စီရင်သော ဒဏ် သည်ထိုသူ ၏ အပြစ်နှင့် တန် ပြီ။ 7 သို့ဖြစ်၍ ထိုသို့သော သူသည် ဝမ်းနည်း ခြင်းအားကြီး လျက်၊ မိန်းမောတွေဝေခြင်း မရှိစေခြင်းငှာ၊ သင် တို့သည်ခြားနား သော အားဖြင့်သူ၏အပြစ် ကို လွှတ်၍ သူ့ကိုနှစ်သိမ့် စေခြင်းငှာပြုသင့်၏။ 8 ထိုကြောင့် သင် တို့သည် သူ့ ကိုအမှန်ချစ် ကြသည်ကို ထင်ရှားစွာပြ မည်အကြောင်း ငါတောင်းပန် ၏။ 9 ထိုမှတပါး၊ သင်သည်အရာရာ ၌ နားထောင် သည်၊ နားမထောင်သည်ကို ငါသိ လို၍၊ သင် တို့ကို စုံစမ်း သောအားဖြင့် အထက်က ရေး ၏။ 10 အကြင်သူ ၏အပြစ်ကို သင်တို့သည် လွှတ် ၏၊ ထိုသူ ၏အပြစ်ကို ငါသည်လည်း လွှတ်၏၊၊ အကြောင်းမူကား ၊ ငါ သည်တစ်စုံတစ်ယောက်သောသူ၏ အပြစ်ကို လွှတ်ဘူးလျှင် ၊ သင် တို့ကိုထောက် ၍ခရစ်တော် ၏ အခွင့်နှင့် လွှတ်ဘူး၏။ 11 သို့မ ဟုတ်လျှင် ၊ စာတန် သည် ငါတို့ကိုနိုင် မည်ဟု စိုးရိမ်စရာရှိ၏။ သူ ၏အကြံအစည် များကို ငါတို့သိ ကြ၏။ 12 ထိုမှတစ်ပါး ၊ ခရစ်တော် ၏ ဧဝံဂေလိ တရားကို ဟောခြင်းငှာ တရော မြို့သို့ ငါရောက် ၍၊ သခင် ဘုရား သည် ငါ့ အားတံခါး ကို ဖွင့် တော်မူသောအခါ၊ 13 ငါ့ ညီ တိတု ကို ငါ မ တွေ့ သောကြောင့် စိတ် မ သက်သာ သဖြင့် ၊ ထိုသူ တို့ကိုအခွင့်ပန် ပြီးမှမာကေဒေါနိ ပြည်သို့ ထွက်သွား လေ၏။ 14 ငါ တို့သည် ခရစ်တော် နှင့်အတူ အောင်ပွဲ ကိုအစဉ် ခံစေခြင်းငှာ၎င်း၊ ထိုသခင် ကို သိ ခြင်း၏ အမွှေးအကြိုင် သည် ငါ တို့အားဖြင့် အရပ်ရပ် တို့၌ နှံ့ပြား စေခြင်းငှာ၎င်း၊ ပြုတော်မူသောဘုရားသခင် ၏ ကျေးဇူး တော်ကို ချီးမွမ်းခြင်းရှိစေသတည်း။ 15 အဘယ်သို့ နည်းဟူမူကား၊ ငါတို့သည် ကယ်တင် သောသူ တို့၌ ၎င်း ၊ ဆုံးရှုံး သောသူ တို့၌ ၎င်း၊ ဘုရားသခင် အား ခရစ်တော် ၏ အမွှေးအကြိုင် ဖြစ် ကြ၏။ 16 ဆုံးရှုံးသောသူ တို့၌ ကား၊ သေ ခြင်းတိုင်အောင် သေခြင်း ၏အမွှေးအကြိုင် ဖြစ်ကြ၏။ ကယ်တင်သော သူတို့၌ကား၊ အသက် ရှင်ခြင်းတိုင်အောင် အသက် ရှင်ခြင်း၏ အမွှေးအကြိုင် ဖြစ်ကြ၏။ သို့ဖြစ်၍ ဤ အမှုအရာ တို့နှင့် အဘယ်သူ ထိုက်တန် သနည်း။ 17 ဘုရားသခင် ၏ နှုတ်ကပတ် တရားတော်ကို မှောက်လှန် သောသူများ တို့နှင့် ငါတို့သည်မ တူ ဘဲ ကြည်ဖြူ သောစိတ်ရှိ၍ ဘုရားသခင် ၏ အလိုတော်နှင့်အညီ ၊ ဘုရားသခင် ရှေ့ တော်၌ ခရစ်တော် ၏တရားကို ဟောပြော ကြ၏။
31 ငါတို့သည် တဖန် ကိုယ်ကိုကိုယ် ချီးမွမ်း ကြ သလော။ သို့မဟုတ် ချီးမွမ်း သောစာ ကို သင် တို့ထံသို့ သူတစ်ပါးပေးစေခြင်းငှာ၎င်း၊ သင် တို့သည်သူတစ်ပါးထံသို့ ပေးစေခြင်းငှာ၎င်း၊ ငါတို့သည်အချို့ သောသူကဲ့သို့ အလိုရှိကြ သလော။ 2 သင် တို့သည် ငါ တို့စိတ် နှလုံးပေါ်၌ ရေး ထားသောစာ၊ လူ အပေါင်း တို့သိ ၍ ဖတ် တတ်သောငါ တို့ စာ ပင်ဖြစ် ကြသတည်း။ 3 အဘယ်သို့နည်းဟူမူကား ၊ သင်တို့သည် မှင် နှင့် ရေး ထားသော စာမ ဟုတ်။ အသက် ရှင်တော်မူသော ဘုရားသခင် ၏ ဝိညာဉ် တော်နှင့်ရေး၍ ၎င်း၊ ကျောက် ပြား ပေါ်၌ မ ရေးဘဲ အသား နှင့်ပြည့်စုံသော နှလုံး ပြား ပေါ်၌ ရေး၍ ၎င်း၊ ငါ တို့ပြုစု သော ခရစ်တော် ၏စာ ထင်ရှား စွာဖြစ် ကြ၏။ 4 ငါတို့သည် ခရစ်တော် အားဖြင့် ဘုရားသခင့် ရှေ့ တော်၌ ထိုသို့သော ယုံမှတ် စွဲလမ်းခြင်းရှိ ၏။ 5 သို့ရာတွင် ငါ တို့သည်ကိုယ် တန်ခိုး ကိုအမှီပြု ၍၊ ကိုယ်အလိုအလျောက် တစ်စုံတစ်ခု ကိုကြံစည် ခြင်းငှာတတ်နိုင်သည်မ ဟုတ်။ ဘုရားသခင် ကိုအမှီပြု ၍သာ တတ်နိုင်သည်နှင့်အညီ၊ 6 ပဋိညာဉ် တရားသစ် ၏ ဆရာ ဖြစ်နိုင် သော အစွမ်းသတ္တိကို ဘုရားသခင် သည် ငါ တို့အားပေးတော်မူ၏။ ထိုသို့ဆိုသော်ကျမ်းဟောင်းတရား ကိုမ ဆိုလို၊ ဝိညာဉ် တော်တရားကိုဆိုလို၏။ ကျမ်းဟောင်းတရား သည် အသက်ကိုသတ် တတ်၏။ ဝိညာဉ် တော်တရားမူကား ရှင် စေတတ်၏။ 7 ထိုမှတစ်ပါး ပျောက် တတ်သော ရောင်ခြည်တည်းဟူသောမောရှေ ၏မျက်နှာ မှ ထွက်သောရောင်ခြည် ကြောင့် ၊ ဣသရေလ အမျိုးသား တို့သည် သူ ၏မျက်နှာ ကိုစေ့စေ့ မ ကြည့်ရှုနိုင် သည်တိုင်အောင် ၊ ကျောက် ပြားပေါ်၌ အက္ခရာတင် ၍ ရေး ထားသောသေခြင်း ၏တရား သည် ဘုန်း အာနုဘော်နှင့် ပြည့်စုံ သည်မှန်လျှင် ၊ 8 ထိုမျှမက ဝိညာဉ် တော်တရား သည် ဘုန်း အာနုဘော်နှင့် အလွန် ပြည့်စုံရ လိမ့်မည်မ ဟုတ်လော။ 9 အပြစ်စီရင်တတ် သောတရား သည် ဘုန်းအာနုဘော် ရှိလျှင် ၊ ထိုမျှမက ဖြောင့်မတ် စေတတ်သော တရား သည် ဘုန်းအာနုဘော် နှင့် သာ၍ ကြွယ်ဝပြည့်စုံ လိမ့်မည်။ 10 နောက်ဖြစ်သောဘုန်း သည် အလွန် မြတ် သောကြောင့် ၊ ဘုန်း ရှိဘူးသော အရာ သည် ဘုန်း ကွယ် လျက် ရှိ၏။ 11 ပယ်ရှင်း ရသောအရာ သည် ဘုန်း ရှိလျှင် ၊ တည်နေ သောအရာ သည်သာ၍ ဘုန်း ရှိလိမ့်မည်။ 12 ထိုသို့သော ယုံကြည်မြော်လင့် ခြင်းရှိ သည်ဖြစ်၍ ငါတို့သည် ထိမ်ဝှက် ခြင်း အလျှင်းမရှိ။ အတည့်အလင်း ဟောပြော ကြ၏။ 13 ပယ်ရှင်း သောအရာ ၏အဆုံး ကို ဣသရေလ အမျိုးသား တို့သည် စေ့စေ့ မ ကြည့်ရှုစေခြင်းငှာ မောရှ သည် မိမိ မျက်နှာ ကို ဖုံးအုပ် သကဲ့သို့ ငါတို့သည်မ ပြု ကြ။ 14 သူ တို့စိတ်နှလုံး သည် မိုက်မဲ လျက်ရှိ၍ ၊ ယခု တိုင်အောင် ဓမ္မကျမ်းစာ ကို ဖတ် ကြသောအခါ အနက် အဓိပ္ပါယ်သည် ဖုံးအုပ် လျက်ရှိ၏။ အကြောင်းမူကား ၊ ခရစ်တော် အားဖြင့် သာ ထိုဖုံးအုပ်ခြင်း အကြောင်းကို ပယ်ရှင်း ရ၏။ 15 ယခု တိုင်အောင် လည်း ၊ မောရှ ၏ကျမ်းစာကို ဖတ် ကြသောအခါ ၊ သူ တို့စိတ် နှလုံးသည် ဖုံးအုပ် လျက် ရှိ သေး၏။ 16 သို့သော်လည်း သခင် ဘုရားထံတော်သို့ ပြောင်းလဲ သောအခါ ၊ ထိုဖုံးအုပ်ခြင်း အကြောင်းကို ပယ်ရှင်း လိမ့်မည်။ 17 သခင် ဘုရားဟုဆိုသော်ဝိညာဉ် တော်တရားကို ဆိုလို သတည်း။ သခင် ဘုရား၏ ဝိညာဉ် တော်တရားသည် လွှတ် ခြင်းချမ်းသာကို ပေးတတ်၏။ 18 ငါ တို့ရှိသမျှ သည် မျက်နှာ ဖုံးကိုဖွင့် လျက် မှန် ကို ကြည့်သကဲ့သို့ ၊ သခင် ဘုရား၏ ဘုန်း အသရေတော်ကို ကြည့်မြင်၍၊ ဝိညာဉ်တော်တရား ၏ အရှင် သည် ရောင်ခြည် တော်ကို လွှတ်တော်မူသည့်အတိုင်း ၊ ငါတို့သည် ဘုန်း အသရေ တိုးပွား၍ ပုံ သဏ္ဌာန်တော်နှင့်အညီ ပြောင်းလဲ ခြင်း ရှိရကြ၏။
41 ထိုကြောင့် ငါတို့သည် ထိုသို့သော တရား ၏ အမှုကိုဆောင်ရွက် သောသူဖြစ်၍၊ ကရုဏာ ကျေးဇူးတော်ကို ခံရသည်နှင့်အညီ ၊ အားလျော့ စိတ်ပျက်ခြင်းနှင့် ကင်းလွတ် ကြ၏။ 2 ဆိတ်ကွယ် ရာအရပ်၌ပြုသော ရှက်ဘွယ် သော အမှုများကိုပယ် ကြ၏။ ပရိယာယ် ကိုမ သုံး ၊ ဘုရားသခင် နှုတ်ကပတ် တရားတော်ကိုထိမ်ဝှက် မှောက်လှန်ခြင်းမ ရှိ။ သမ္မာတရား ကိုအတည့်အလင်း ဖော်ပြ ၍ ၊ ဘုရားသခင့် ရှေ့ တော်၌ လူ အပေါင်း တို့၏ စိတ် အထင်အတိုင်း ချီးမွမ်းဘွယ်သော အကျင့်ဓလေ့ကို ကျင့်ကြ၏။ 3 ငါ တို့ဟောပြောသော ဧဝံဂေလိ တရားသည် ဖုံးအုပ် လျက် ရှိ လျှင် ၊ ဆုံးရှုံး ခြင်းသို့ရောက်သော သူ တို့အားသာ ဖုံးအုပ် လျက်ရှိ ၏။ 4 ထိုသို့ မယုံကြည် သောသူ တို့ကား၊ ဘုရားသခင် ၏ ပုံသဏ္ဍာန် တော် တည်းဟူသော ခရစ်တော် ၏ ဘုန်း အသရေနှင့်ပြည့်စုံသော ဧဝံဂေလိ တရား၏ အရောင် သည် အလင်း ကိုမ ပေးစေခြင်းငှာ၊ ဤ လောက ကို အစိုးရသော ဘုရား သည်သူ တို့၏ ဉာဏ် မျက်စိကိုကွယ် စေ၏။ 5 ငါတို့သည်ကိုယ် အကြောင်း ကို ဟောပြော ကြသည်မ ဟုတ်။ ယေရှု ခရစ် သည် သခင် ဖြစ်တော်မူကြောင်း ကို၎င်း ၊ ငါတို့သည်ယေရှု အတွက် သင် တို့၏ ကျွန် ဖြစ်ကြောင်းကို၎င်း ဟောပြောကြ၏။ 6 မှောင်မိုက် ထဲက အလင်း ထွန်းလင်း မည်အကြောင်း မိန့် တော်မူသောဘုရားသခင် သည်၊ ယေရှု ခရစ် ၏ မျက်နှာ ၌ ထွန်းလင်းသော ဘုရားသခင် ၏ ဘုန်း တော်ကိုသိ သော ဉာဏ်၏အရောင် ကိုပေးလိုသောငှာ၊ ငါ တို့စိတ် နှလုံးထဲ၌ အလင်းကို ထွန်းလင်း စေတော်မူ၏။ 7 သို့သော်လည်း တန်ခိုး တော်၏ဂုဏ်သရေ သည် ငါ တို့နှင့် မ ဆိုင်၊ ဘုရားသခင် နှင့် ဆိုင် မည်အကြောင်း ၊ ထို ဘဏ္ဍာ သည်မြေ အိုး ထဲမှာ ထည့်ထားလျက်ငါတို့၌ရှိ ၏။ 8 ငါတို့သည်အမျိုးမျိုး သော နှောင့်ရှက် ခြင်းကို ခံရ သော်လည်း ၊ အကျိုး နည်းခြင်းသို့မ ရောက်။ မ ကြံစည်နိုင်အောင်ရှိသော်လည်း စိတ် မ ပျက်။ 9 ညှင်းဆဲ ခြင်းကိုခံရသော်လည်း ဆုံးရှုံး ခြင်းမ ရှိ။ အောက် သို့လှဲခြင်းကိုခံရသော်လည်း ဆုံး ရာသို့မ ရောက်။ 10 သခင်ယေရှု သည် အသက် ရှင်တော်မူကြောင်း ကို ငါ တို့ကိုယ်ခန္ဓါ ၌ ထင်ရှား စေခြင်းငှာ ။ ယေရှု ၏ သေ တော်မူခြင်းကိုအစဉ်မပြတ် ငါတို့၏ ကိုယ်ခန္ဓါ ၌ ဆောင် ရကြ၏။ 11 အဘယ်သို့ နည်းဟူမူကား၊ ယေရှု သည်အသက် ရှင်တော်မူကြောင်း ကို၊ ငါ တို့၏သေ တတ်သော ခန္ဓာ ကိုယ်၌ ထင်ရှား စေခြင်းငှာ ၊ ငါ တို့သည်အသက် ရှင်စဉ်တွင်ယေရှု ကြောင့် သေ ခြင်းလက်သို့ အစဉ် အပ်နှံ ခြင်း ကို ခံရကြ၏။ 12 သို့ဖြစ်၍ သေ ခြင်းတရားသည် ငါ တို့၌ ပြုပြင် တတ်၏။ သင် တို့၌ ကား ၊ အသက် ရှင်ခြင်းတရားသည် ပြုပြင်တတ်၏။ 13 ထိုသို့သောယုံကြည် ခြင်းစိတ် ရှိ သည်ဖြစ်၍ ၊ ငါသည်ယုံကြည် သောကြောင့် မြွတ်ဆို ၏ဟု ကျမ်းစာ လာ သည်နှင့်အညီ ၊ ငါ တို့သည် ယုံကြည် ခြင်းစိတ်ရှိသောကြောင့် မြွတ်ဆိုဟောပြော ကြ၏။ 14 သခင် ယေရှု ကို ထမြောက် စေတော်မူသောသူ သည် ယေရှု အားဖြင့် ငါ တို့ကိုလည်း ထမြောက် စေ၍ ၊ သင် တို့နှင့်အတူ အထံတော်၌ သွင်းတော်မူမည်ဟု ငါတို့သိ ကြ၏။ 15 အများ သောသူတို့သည် ကျေးဇူးတော်ကို ချီးမွမ်း သည်နှင့်၊ ထိုကြွယ်ဝ သောကျေးဇူးတော် သည် ဘုရားသခင် ၏ ဘုန်း အသရေတော်ကို ထင်ရှား စေမည် အကြောင်း ၊ ခပ်သိမ်း သော အရာတို့သည် သင် တို့အဘို့ အလို့ငှာဖြစ်သတည်း။ 16 ထိုကြောင့် ငါတို့သည် အားလျော့ စိတ်ပျက်ခြင်းနှင့် ကင်းလွတ် ကြ၏။ ငါ တို့၏ပြင် လူ သည် ဖောက်ပြန် ပျက်စီးခြင်းသို့ရောက်သော်လည်း ၊ အတွင်း လူမူကား တစ်နေ့ ထက် တစ်နေ့ ပြုပြင် ခြင်းကိုခံရ၏။ 17 အကြောင်းမူကား ၊ မျက်မှောက် ၌ထင်ရှား သော အရာ တို့သည် ခဏ သာတည်၍ မ ထင်ရှား သောအရာ တို့သည် အစဉ်အမြဲ တည်ကြောင်းကို ငါ တို့သည် ထောက်လျက်၊ ထင်ရှား သော အရာ တို့ကို မ ကြည့်မမှတ်ဘဲ မ ထင်ရှား သောအရာ တို့ကို ကြည့်မှတ်စဉ်အခါ၊ 18 ယခုခဏ ခံရ၍ ပေါ့ပါး သော ဆင်းရဲ ခြင်းဒုက္ခသည် အတိုင်း ထက်အလွန်ကြီးမြတ် လေးလံ သော နိစ္စ ထာဝရဘုန်း အသရေကို ငါ တို့အဖို့ ဖြစ် စေတတ်၏။
51 ယာယီတဲ ဖြစ်သော ငါ တို့မြေ အိမ် သည်ပျက် လျှင် ၊ ကောင်းကင် ဘုံ၌ လူလက် ဖြင့်မလုပ်ဘဲ၊ ဘုရားသခင် ဖန်ဆင်း တော်မူသော နိစ္စ ထာဝရအိမ် ရှိ ကြောင်း ကို ငါတို့ သိ ကြ၏။ 2 ငါ တို့သည် မြေ အိမ်၌ ရှိစဉ်တွင်၊ ကောင်းကင် အိမ် ထဲသို့ ဝင်စား ခြင်းငှာအလွန်တောင့်တလိုချင် သော စိတ် ရှိ၍၊ ညည်းတွားမြည်တမ်း လျက် ၊ နေကြ၏။ 3 ထိုသို့ဝင်စားလျှင် နေရာမဲ့ ဖြစ်မည် မ ဟုတ်။ 4 ဤတဲ ၌ နေ သော ငါ တို့သည် လေး သောဝန်ကို ထမ်း၍ ညည်းတွားမြည်တမ်း ကြ၏။ နေရာထဲက ထွက် ချင် သောကြောင့် ညည်းတွားသည် မဟုတ် ။ သေ တတ်သောအရာကို အသက် ရှင်ခြင်း၌ ဆုံးရှုံး စေခြင်းငှာ ၊ မြဲသောနေရာထဲသို့ ဝင်စား ချင်သောကြောင့် ညည်းတွားကြ၏။ 5 ထိုသို့သော အကျိုး ကိုခံစေခြင်းငှာငါ တို့ကို ပြင်ဆင် သောသူ ကား ၊ ဘုရားသခင် ပေတည်း။ ထိုဘုရားသခင် သည် ဝိညာဉ် တော်တည်းဟူသောစားရန် ကို ငါ တို့အား ပေး တော်မူပြီ။ 6 ထို့ကြောင့် ငါတို့သည် ကိုယ်ခန္ဓါ ၌ နေ မြဲနေစဉ်ကာလ ၊ သခင်ဘုရား နှင့် ကွာဝေးရာအရပ်၌ နေသည်ကို ငါတို့သည်သိ လျက် ၊ 7 အစဉ် ရဲရင့်သောစိတ် ရှိကြ၏။ မျက်မှောက် မ မြင်ဘဲ ယုံကြည် မျှော်လင့်ခြင်းရှိသည်အတိုင်း ၊ ငါတို့သည် ကျင့်ဆောင် ပြုမူသည်ဖြစ်၍၊ 8 ကိုယ်ခန္ဓါ နှင့် ကွာဝေး ရာအရပ်သို့သွား၍ ၊ သခင်ဘုရား ထံတော်၌ နေမြဲ နေခြင်းငှာ အလိုရှိ လျက် ၊ ရဲရင့် သောစိတ်နှင့်ပြည့်စုံကြ၏။ 9 ထို့ကြောင့် ငါတို့သည် နေမြဲအရပ်၌ နေ သည် ဖြစ်စေ ၊ ကွာဝေး ရာအရပ်၌နေသည်ဖြစ်စေ ၊ သခင်ဘုရား နှစ်သက် တော်မူသော သူ ဖြစ် ခြင်းငှာစေတနာစိတ်ရှိ၍ ကြိုးစားအားထုတ် ကြ၏။ 10 အကြောင်းမူကား၊ ငါ တို့ရှိသမျှ သည် ကိုယ်ခန္ဓါ ၌ကျင့် သောအကျင့် ၊ ကောင်း မကောင်း ရှိသည်အတိုင်း အကျိုးအပြစ် ကို အသီးအသီး ခံ ခြင်းငှာ ၊ ခရစ်တော် ၏ တရားပလ္လင် ရှေ့ ၌ ပေါ်လာ ရ ကြမည်။ 11 သို့ဖြစ်၍ သခင် ဘုရားနှင့်ဆိုင်သောကြောက်မက် ဖွယ်သော အကြောင်းအရာတို့ကို ငါတို့သည် သိ လျှင်၊ လူ များကိုနှိုးဆော် သွေးဆောင်ရသည်ဖြစ်၍ ၊ ဘုရားသခင် ရှေ့တော်၌ ထင်ရှား ကြ၏။ သင် တို့၏စိတ် ရှေ့၌ လည်း ထင်ရှား ကြသည်ဟု ငါထင်မှတ် ၏။ 12 ငါ တို့သည်သင် တို့ရှေ့၌ တစ်ဖန် ကိုယ်ကိုကိုယ် ချီးမွမ်း ကြသည်မ ဟုတ်။ စိတ် သဘောကိုမ ထောက်၊ အသွေးအဆင်း ကိုထောက်၍ ဝါကြွား သောသူ တို့၏ စကားကို သင်တို့သည် ချေ နိုင်မည်အကြောင်း ၊ ငါတို့ ကြောင့် ဝါကြွား ခြင်းအခွင့် ကိုသာ ပေး ကြ၏။ 13 ငါတို့သည် သူရူး ဖြစ်လျှင် ဘုရားသခင် အဘို့ ဖြစ်ကြ၏။ စိတ်ကောင်းသောသူဖြစ်လျှင် သင်တို့ အဘို့ ဖြစ်ကြ၏။ 14 အကြောင်းမူကား ၊ တစ်ယောက် သောသူသည် လူအပေါင်း တို့အတွက် ကြောင့် အသေခံ သည်မှန်လျှင် ၊ 15 လူအပေါင်း တို့သည် သေ လျက်နေကြသည် ဟူ၍၎င်း ၊ အသက် ရှင်သောသူ တို့သည် တဖန်ကိုယ် အလို သို့လိုက်၍ မ ရှင်၊ သူ တို့အတွက် ကြောင့် အသေခံ ပြီးမှ ထမြောက် တော်မူသော သူ ၏အလိုသို့လိုက်၍ ရှင်စေ မည်အကြောင်း ၊ လူအပေါင်း တို့အတွက် ကြောင့် အသေခံ တော်မူသည်ဟူ၍၎င်း၊ ငါ တို့သည်သဘောထား လျက်၊ ခရစ်တော် ၏ချစ် ခြင်းမေတ္တာတော်သည် ငါတို့ကို အနိုင်အထက်သွေးဆောင်၏။ 16 သို့ဖြစ်လျှင် ၊ ယခု မှစ၍ ငါ တို့သည် ဇာတိ အမျိုးကိုထောက် ၍ အဘယ်သူ ကိုမျှမသိ မမှတ်။ ဇာတိ အမျိုးကိုထောက် ၍ ခရစ်တော် ကို အထက်က သိမှတ် သော်လည်း ၊ ယခု မှစ၍ ထိုသို့သောသိမှတ် ခြင်းမ ရှိ။ 17 လူ မည်သည်ကား ၊ ခရစ်တော် ၌ ရှိလျှင် အသစ် ပြုပြင် သောသတ္တဝါဖြစ်၏။ ဟောင်း သောအရာ တို့သည်ပြောင်းလဲ ၍ ခပ်သိမ်း သောအရာတို့သည် အသစ် ဖြစ် ကြပြီ။ 18 ထိုသို့ဖြစ်သော်ဘုရားသခင် ၏ တန်ခိုးတော်အားဖြင့်ဖြစ်ကြ၏။ ဘုရားသခင် သည် ယေရှုခရစ် အားဖြင့် ငါ တို့၏ရန်ကိုငြိမ်းစေ၍ ကိုယ်တော် နှင့် မိသ္သဟာယဖွဲ့ စေတော်မူ၏။ ထိုမိဿဟာယ တရား ကို ဟောရသော အခွင့်အရာကို ငါ တို့၌အပ်ပေး တော်မူ၏။ 19 ထိုတရား ဟူမူကား၊ ဘုရားသခင် သည် ခရစ်တော် အထဲ ၌ ရှိ နေလျက်၊ လောကီသား တို့၏ အပြစ် များ ကို မှတ် တော်မ မူ၊ ရန်ကိုငြိမ်းစေ၍ ကိုယ်တော် နှင့် မိဿဟာယ ဖွဲ့စေတော်မူ၏။ ထိုမိဿဟာယ တရား ကိုလည်း ငါ တို့၌ အပ်ပေး တော်မူ၏။ 20 ထို့ကြောင့် ငါတို့သည်ခရစ်တော် ၏ သံတမန်ဖြစ် ကြ၏။ သင်တို့သည်ရန်ငြိမ်း၍ ဘုရားသခင် နှင့် မိဿဟာယ ဖွဲ့ကြလော့ဟု ဘုရားသခင် သည် ငါ တို့အားဖြင့် နှိုးဆော်သွေးဆောင် တော်မူသကဲ့သို့ ၊ ငါတို့သည် ခရစ်တော် ၏ ကိုယ်စားဖြစ်၍သင်တို့ကို တောင်းပန် သွေးဆောင်ကြ၏။ 21 အဘယ်ကြောင့်နည်းဟူမူကား၊ ဘုရားသခင်သည်အပြစ် နှင့် ကင်းစင် သောသူ ကို ငါ တို့အတွက် ကြောင့် အပြစ် ရှိသောသူဖြစ် စေတော်မူ၏။ အကြောင်းမူကား ၊ ငါ တို့သည်ထိုသူ အားဖြင့်ဘုရားသခင် ရှေ့တော်၌ ဖြောင့်မတ် သောသူဖြစ် မည်အကြောင်းတည်း။
61 သင် တို့သည် ဘုရားသခင် ၏ကျေးဇူး တော်ကို အကျိုးမဲ့ မ ခံ ကြနှင့်ဟု ငါတို့သည် အမှု တော်ကို ဆောင်ရွက်သောသူချင်းဖြစ်၍သင်တို့ကို နှိုးဆော်သွေးဆောင် ကြ၏။ 2 ဗျာဒိတ် တော် အချက်ဟူမူကား ၊ နှစ်သက် ဖွယ်သောအချိန် ၌ သင် ၏စကားကို ငါနားထောင် ပြီး။ ကယ်တင် ရာနေ့ရက် ကာလ၌ သင့် ကို ငါမစ ပြီဟု လာသည်နှင့်အညီယခုပင် နှစ်သက် ဖွယ်သောအချိန် ရှိ၏။ ယခုပင် ကယ်တင် ရာ နေ့ရက် ကာလရှိ ၏။ 3 တရား ဟောခြင်းအခွင့်အရာကို အပြစ်တင် ခြင်းနှင့် ကင်းလွတ် စိမ့်သောငှာ ၊ ထိမိ ၍လဲစရာအကြောင်း တစ်စုံတစ်ခု ကို မျှ မပြု ။ 4 ညှင်းဆဲခံခြင်း ၊ ဆင်းရဲ ခြင်း၊ မလွတ်နိုင်သော ဘေးဥပဒ် နှင့်တွေ့ခြင်း၊ 5 အရိုက်အပုတ် ခံခြင်း၊ ထောင် ထဲ၌နေခြင်း၊ သူတစ်ပါးရုန်းရင်းခတ် ပြုခြင်း၊ အမှုကိုလုပ်ဆောင်ခြင်း ၊ မအိပ်ဘဲစောင့် နေခြင်း၊ မွတ်သိပ် ခြင်းကို အလွန် သည်းခံ လျက်၊ 6 စိတ်နှလုံးစင်ကြယ် ခြင်း၊ ပညာရှိ ခြင်း၊ စိတ်ရှည် ခြင်း၊ ကျေးဇူး ပြုခြင်း၊ သန့်ရှင်း သော ဝိညာဉ် တော်ကို ခံခြင်း၊ ချစ် ယောင်မဆောင် အမှန်ချစ်ခြင်း၊ 7 သမ္မာတရား ကိုဟော ခြင်း ဘုရားသခင် ၏ တန်ခိုး တော်ကိုပြခြင်း၊ ဖြောင့်မတ် သောအကျင့်တည်းဟူသောလက်နက် များကို လက်ျာဘက် လက်ဝဲ ဘက်၌ ဝတ်ဆောင်ခြင်းအားဖြင့်၎င်း ၊ 8 အသရေ ထင်ရှားခြင်းနှင့် ရှုတ်ချ ခြင်း၊ ချီးမွမ်း ခြင်းနှင့် ကဲ့ရဲ့ ခြင်းကို ခံသဖြင့်၎င်း ၊ လှည့်စား သောသူ ကဲ့သို့ ဖြစ်သော်လည်း ၊ ဟုတ်မှန် သောသူ၊ 9 အဘယ်သူမျှမ သိသော သူကဲ့သို့ ဖြစ်သော်လည်း ကျော်စော သောသူ၊ အသေခံ သောသူကဲ့သို့ ဖြစ်သော်လည်း ၊ အသက် ရှင်သောသူ၊ ဆုံးမ ခြင်းကိုခံသောသူကဲ့သို့ ဖြစ်သော်လည်း ၊ အသေ သတ်ခြင်းနှင့်ကင်းလွတ် သောသူ၊ 10 ဝမ်းနည်း သောသူကဲ့သို့ ဖြစ်သော်လည်း ၊ အစဉ် ဝမ်းမြောက် သောသူ၊ ဆင်းရဲ သောသူကဲ့သို့ ဖြစ်သော်လည်း ၊ လူအများ ကိုရ တတ်စေသောသူ၊ ဥစ္စာတစ်စုံတစ်ခု ကိုမျှ မပိုင် သောသူကဲ့သို့ ဖြစ်သော်လည်း ၊ အလုံးစုံ သော သူတို့ကိုပိုင် သောသူဖြစ်သဖြင့်၎င်း ၊ ဘုရားသခင် ခန့်ထား တော်မူသော ဓမ္မဆရာ မှန်ကြောင်းကို အရာရာ ၌ ထင်ရှား စွာပြ၏။ 11 အချင်းကောရိန္သု လူတို့၊ ငါ တို့နှုတ် သည် သင် တို့အား ဖွင့် လျက်ရှိ၏။ စိတ် နှလုံးသည်လည်း ကျယ်ဝန်း ၏။ 12 ငါ တို့၌ သင်တို့သည် ကျဉ်းမြောင်း သည် မ ဟုတ်။ ကိုယ် မေတ္တာ ကရုဏာ၌ သာ ကျဉ်းမြောင်း ကြ၏။ 13 ငါတို့ကျေးဇူးကိုဆပ် ခြင်းအလို့ငှာ ကျယ်ဝန်း သောစိတ် ရှိကြလော့။ ထိုသို့ဆိုသော်ကိုယ်သား တို့ကို ဆိုသကဲ့သို့ ငါဆို ၏။ 14 မယုံကြည် သောသူတို့နှင့်တွဲဖက်၍ ဆန့်ကျင်ဘက်ဖြစ်သော ထမ်းဘိုး ကို မ ထမ်း ကြနှင့်။ တရား သော အမှုသည် မတရား သောအမှုကို အဘယ်သို့ လက်ခံ နိုင်မည်နည်း။ အလင်း သည်မှောင်မိုက် နှင့် အဘယ်သို့ ဆက်ဆံ နိုင်မည်နည်း။ 15 ခရစ်တော် သည်ဗေလျာလ နှင့် အဘယ်သို့ သင့်တင့် နိုင်မည်နည်း။ ယုံကြည် သောသူသည် မယုံကြည် သောသူနှင့်အတူ အဘယ် အကျိုးအပြစ် ကို ခံရမည်နည်း။ 16 ဘုရားသခင် ၏ဗိမာန် တော်သည် ရုပ်တု တို့နှင့် အဘယ်သို့ စပ်ဆိုင် ရမည်နည်း။ ဘုရားသခင် မိန့် တော်မူသည်ကား၊ သူ တို့တွင် ငါကျိန်းဝပ် မည်။ သူတို့တွင်လှည့်လည် ၍ သူ တို့၏ဘုရားသခင် ဖြစ် မည်။ သူ တို့သည်လည်း ငါ ၏လူ ဖြစ် ကြလိမ့်မည်ဟု မိန့်တော်မူသည်နှင့်အညီ၊ သင်တို့သည် အသက် ရှင်တော်မူသော ဘုရားသခင် ၏ ဗိမာန် တော်ဖြစ် ကြ၏။ 17 ထိုကြောင့် ၊ ထာဝရ ဘုရားမိန့် တော်မူပြန်သည်ကား၊ သင်တို့သည်ထိုသူ တို့အထဲ မှ ထွက် ၍ အသီးအခြား နေကြလော့။ မ စင်ကြယ်သောအရာကိုလက်နှင့်မျှ မတို့ ကြနှင့်။ ထိုသို့ပြုလျှင်သင် တို့ကိုငါ သည် လက်ခံ မည်။ 18 သင် တို့၏အဘ ဖြစ် မည်။ သင် တို့သည်လည်း ငါ ၏သား သမီး ဖြစ် ကြလိမ့်မည်ဟု အနန္တ တန်ခိုးနှင့် ပြည့်စုံသောထာဝရ ဘုရား မိန့် တော်မူ၏။
71 ထိုကြောင့် ချစ်သူ တို့၊ ထို ဂတိ တော်များနှင့် ငါတို့သည်ဆိုင်ကြသည်ဖြစ်၍၊ ကိုယ်ခန္ဓါ ၏ အညစ်အကြေး ၊ စိတ်ဝိညာဉ် ၏အညစ်အကြေးရှိသမျှ တို့နှင့် ကိုယ်ကိုကိုယ် ကင်းစင် စေလျက်၊ ဘုရားသခင် ကို ကြောက်ရွံ့ ၍ သန့်ရှင်း ခြင်းပါရမီနှင့် ပြည့်စုံ ကြကုန်အံ့။ 2 ငါ တို့ကိုလက်ခံ ကြလော့။ ငါတို့သည် အဘယ်သူ ကိုမျှမပြစ်မှား ။ အဘယ်သူ ကိုမျှမယိုယွင်း စေ၊ အဘယ်သူ ၏ဥစ္စာကိုမျှပရိယာယ် အားဖြင့်မယူ။ 3 သင်တို့ကိုအပြစ်တင် ၍ ဤသို့ငါ ဆိုသည်မ ဟုတ်။ သင်တို့နှင့်အတူအသက် ရှင်ခြင်းငှာ၎င်း ၊ သေ ခြင်းငှာ၎င်း၊ အလိုရှိသည်တိုင်အောင် ၊ ငါ တို့သည် သင်တို့ကိုချစ်ကြ၏ဟု အထက်ကငါပြော ခဲ့ပြီ။ 4 သင် တို့ကြောင့် အလွန် ရဲရင့်ခြင်း ရှိ၏။ သင် တို့ကြောင့် အလွန် ကြွားဝါ ခြင်းရှိရ၏။ သက်သာ ခြင်းနှင့် ပြည့်စုံ ၏။ ညှင်းဆဲ ခြင်းကို ခံလေရာရာ ၌ အတိုင်း ထက် အလွန်ဝမ်းမြောက် ခြင်းရှိ၏။ 5 ငါ တို့သည် မာကေဒေါနိ ပြည်သို့ ရောက် သောအခါ ၊ ကိုယ် ကာယငြိမ်ဝပ် ခြင်း အလျှင်း မ ရှိ၊ အရာရာ ၌ ညှဉ်းဆဲ ခြင်းကို ခံကြရ၏။ ပြင် ၌ ကား တိုက်လှန် ခြင်းရှိ၏။ အတွင်း ၌ကားစိုးရိမ် ခြင်းရှိ၏။ 6 သို့သော်လည်း နှိမ့်ချ လျက်ရှိသော သူတို့ ကို သက်သာ စေတော်မူတတ်သော ဘုရားသခင် သည်၊ တိတု ရောက်လာ သောအားဖြင့် ငါ တို့ကို သက်သာ စေတော်မူ၏။ 7 တိတု ရောက်လာ ခြင်းအားဖြင့် သာ သက်သာစေတော်မူသည်မ ဟုတ်။ တိတု သည် သင် တို့ဆီမှ ရသောသက်သာ ခြင်းအားဖြင့် လည်း သက်သာ စေတော်မူ၏။ အဘယ်သို့နည်းဟူမူကား၊ သင် တို့၏တောင့်တ ခြင်း၊ ညည်းတွား ခြင်း၊ ငါ ၏အကျိုးအလို့ငှာ စေတနာ စိတ်အားကြီးခြင်း အကြောင်းအရာများကို သူသည်ငါ တို့အား ကြားပြော ၏။ ထိုကြောင့် ငါ သည်သာ၍ ဝမ်းမြောက် ခြင်းရှိ၏။ 8 အထက်ကပေးလိုက်သောစာ အားဖြင့် သင် တို့ကို ဝမ်းနည်း စေသောကြောင့် ၊ ငါသည်ယခင်အခါ၌ နောင်တ ရှိသော်လည်း ယခုအခါ၌ မ ရှိ။ အကြောင်းမူကား ၊ ထို စာ သည်သင် တို့ကို ခဏ သာ ဝမ်းနည်း စေသည် ကို ငါမြင် ၏။ 9 သင်တို့ဝမ်းနည်း စေသောကြောင့် ငါဝမ်းမြောက်သည်မ ဟုတ်။ ဝမ်းနည်း စေ၍ နောင်တရ သောကြောင့် ငါဝမ်းမြောက်ခြင်းရှိ ၏။ ငါ တို့အားဖြင့် သင်တို့၏ အကျိုး အလျှင်း မပျက်ရမည်အကြောင်း ၊ ဘုရားသခင် ၏ အလို တော်နှင့်အညီ ဝမ်းနည်း စေကြ၏။ 10 အဘယ်သို့နည်းဟူမူကား၊ ဘုရားသခင် ၏ အလို တော်နှင့် ညီသော ဝမ်းနည်း ခြင်းသည် ကယ်တင် ခြင်းနှင့် ယှဉ်သောနောင်တ စိတ် တည်းဟူသော၊ မ ပြောင်းလဲနိုင်သောနောင်တစိတ်ကို ပြုပြင် တတ်၏။ လောကီ ဝမ်းနည်း ခြင်းမူကား ၊ သေ ခြင်းကိုပြုပြင် တတ်၏။ 11 ဘုရားသခင် ၏အလိုတော်နှင့် ညီသော သင်တို့၏ ဝမ်းနည်း ခြင်းသည် သင် တို့၌ အဘယ်သို့ သော သတိပြု ခြင်း၊ ကိုယ်အပြစ်ကိုဖြေ ခြင်း၊ အမျက်ထွက် ခြင်း၊ ကြောက်ရွံ့ ခြင်း၊ အလွန်တောင့်တ ခြင်း၊ ငါ၏အကျိုး အလို့ငှာ စိတ် အားကြီးခြင်း၊ တရားသဖြင့် ဒဏ်စီရင်ခြင်း တို့ကို ပြုပြင် သည်ကို ကြည့်ရှု ကြလော့။ သင် တို့သည် ဤအမှု ၌ အပြစ်ကင်း သည်ကို အရာရာ အားဖြင့် ထင်ရှား ပြကြပြီ။ 12 ထိုသို့နှင့်အညီ၊ ငါသည်သင် တို့အား ရေး ၍ ပေးလိုက်သောအခါ ၊ ပြစ်မှား သောသူ နှင့် ပြစ်မှား ခြင်း ခံရသောသူ ကိုသာ ထောက်၍ ရေး သည်မဟုတ်။ သင် တို့အကျိုးကိုငါ တို့သည် ဘုရားသခင် ရှေ့ တော်၌ ပြုစု ချင်သောစေတနာစိတ်ရှိကြောင်း ကိုသင် တို့အား ထင်ရှား စေခြင်းငှာရေးသတည်း။ 13 ထိုကြောင့် သင်တို့၏ သက်သာ ခြင်းအကြောင်း အားဖြင့်၊ ငါတို့သည်လည်း သက်သာ ခြင်းသို့ရောက်သည် သာမက ၊ တိတု ၏ဝမ်းမြောက် ခြင်းအကြောင်း အားဖြင့်သာ၍အလွန် ဝမ်းမြောက် ကြ၏။ သင် တို့ရှိသမျှ သည် ထိုသူ ၏စိတ်နှလုံး ကို သက်သာ ဝမ်းမြောက်စေကြသည် ဖြစ်၍ ၊ 14 အထက် ကငါသည် သင် တို့ကိုအကြောင်း ပြု၍ ဝါကြွား သော စကားကိုထိုသူ အားပြောပြီးလျှင် ၊ ယခု ရှက်ကြောက် ခြင်းမ ရှိ။ ငါတို့သည် အရာရာ ၌ သင် တို့အား ဟုတ်မှန် စွာပြော သည်နည်းတူ ၊ တိတု ရှေ့ ၌ ငါ ဝါကြွား သောစကားသည်လည်း မှန် သောစကားဖြစ် ကြောင်း ထင်ရှား ၏။ 15 သင်တို့သည် ကြောက်ရွံ့ တုန်လှုပ် ခြင်းနှင့် သူ တို့ လက်ခံ ၍ နားထောင် ကြသည်ကို သူ သည် အောက်မေ့ သဖြင့် ၊ သင် တို့ကို ချစ် သနားခြင်းမေတ္တာကရုဏာစိတ်နှင့် အလွန် ပြည့်စုံ၏။ 16 ငါသည်အရာရာ ၌ သင် တို့ကို ယုံ နိုင်သောကြောင့် ဝမ်းမြောက် ခြင်းရှိ၏။
81 ညီအစ်ကို တို့၊ ဘုရားသခင် သည် မာကေဒေါနိ ပြည်၌ ရှိ သော အသင်းတော် များတို့အားပြု တော်မူသော ကျေးဇူး တော်အကြောင်းကို ငါတို့သည်သင် တို့အား ကြားပြော ကြ၏။ 2 ထိုအသင်းတော် တို့သည် ညှဉ်းဆဲ ခြင်းအားဖြင့် များစွာ သောစုံစမ်း ခြင်းကို ခံရသော်လည်း ၊ အလွန်ကြီး သော ဝမ်းမြောက် ခြင်းနှင့် ၊ ဥစ္စာပြုန်းတီး သော ဆင်းရဲ ခြင်းအကြောင်းသည်၊ သူ တို့၏စွန့်ကြဲ ပေးကမ်းခြင်း စည်းစိမ် ကို ဖြစ်စေ၍ ကြွယ်ဝ ပြည့်စုံ၏။ 3 အကြောင်းမူကား ၊ သူတို့သည်တတ်နိုင် သမျှ ထက်မက၊ အလိုအလျောက် စွန့်ကြဲ ချင်သော စေတနာ စိတ်ရှိကြသည်ဟု ငါသည်သက်သေခံ ၏။ 4 သူတို့အလှူဒါန ကို ငါတို့သည်ယူ၍ သူ တို့နှင့် ကူညီလျက်၊ သန့်ရှင်း သူတို့အား လုပ်ကျွေးခြင်း အမှုကို ဆောင်ရွက် မည်အကြောင်း၊ သူတို့သည် တိုက်တွန်း သွေးဆောင်သော စကားများ အားဖြင့် ငါ တို့ကို တောင်းပန် ကြ၏။ 5 ထိုသို့ပြုကြသော်၊ ငါတို့မြော်လင့် သည်အတိုင်း ထက်မကပြု၍ ၊ ဘုရားသခင် ၏ အလို တော်နှင့်အညီရှေးဦးစွာ သခင်ဘုရား ၌၎င်း ၊ ငါ တို့၌၎င်း၊ မိမိ တို့ကိုမိမိတို့ လှူ ကြ၏။ 6 ထိုကြောင့် တိတု သည်သင် တို့၌ အဦး ပြုနှင့်သကဲ့သို့ ထို အလှူ ကျေးဇူးကို ပြီးစီး စေမည်အကြောင်း ၊ ငါ တို့သည်သူ့ကိုတောင်းပန် ကြ၏။ 7 ထိုသို့နှင့်အညီ သင် တို့သည် ယုံကြည် ခြင်း၊ တရား ဟောခြင်း၊ ဉာဏ် ရှိခြင်း၊ အမျိုးမျိုး သောသတိ နှင့်ပြည့်စုံခြင်း၊ ငါ တို့ကိုချစ် ခြင်းမှစသော အလုံးစုံ တို့နှင့် ကြွယ်ဝ ပြည့်စုံသည်ဖြစ်၍ထို ကျေးဇူး နှင့်လည်း ကြွယ်ဝ ပြည်စုံခြင်းဖြစ်စေသတည်း။ 8 ထိုသို့ဆိုသော်၊ ပညတ် အားဖြင့် ငါ ဆိုသည်မ ဟုတ်။ အခြား သောသူ တို့၏ ကြိုးစားအားထုတ်ခြင်း ကို အစွဲပြု ၍ ၊ သင် တို့၏မေတ္တာ သည် မှန် သည်မမှန်သည်ကို စုံစမ်း သောအားဖြင့်ဆိုသတည်း။ 9 အကြောင်းမူကား ၊ ငါ တို့သခင် ယေရှု ခရစ် သည် စည်းစိမ် ရှိ သော်လည်း၊ ဆင်းရဲတော်မူခြင်း အားဖြင့်သင် တို့သည်စည်းစိမ် ရှိစေခြင်းငှာ ၊ သင် တို့အတွက် ကြောင့် ဆင်းရဲ ခြင်းကိုခံတော်မူသော ကျေးဇူး တော်ကို သင်တို့ သိ ကြ၏။ 10 ဤ အမှု၌ ငါသည် ကိုယ်သဘော ကိုပြ၏ ။ မနှစ် ကပင် အဦး ပြု သည်သာမက ၊ စေတနာစိတ်နှင့် ပြည့်စုံသောသင် တို့သည် ဤအမှု ကိုပြီး စေလျှင် သာ၍ကောင်း လိမ့်မည်။ 11 သို့ဖြစ်၍ ၊ အထက်ကစေတနာ ရှိသည်နှင့်အညီ ၊ ယခု တွင်သင်တို့သည် တတ်နိုင် သည်အတိုင်း ပြု ၍ ဤ အမှုကို ပြီးစီး စေကြလော့။ 12 အကြောင်းမူကား ၊ စေတနာစိတ် သည် အသင့် ရှိလျှင် ၊ မ တတ်နိုင် သောအမှုကိုမ ထောက် ဘဲ၊ တတ်နိုင်သောအမှုကိုထောက် ၍ နှစ်သက်တော်မူဘွယ် ဖြစ် ၏။ 13 ဤအမှုအရာ၌ အခြား သောသူတို့သည် ချမ်းသာ ရ၍ သင် တို့သည်ဆင်းရဲ စေခြင်းငှာ ငါအကြံရှိသည် မ ဟုတ်။ 14 များများ ရသောသူ မ ပို ။ နည်းနည်း ရသော သူ မ လို ဟူသော ကျမ်း စကားနှင့်အညီ ၊ 15 15မျှ ခြင်းတရားကိုထောက်၍ ၊ ယခု ၌ သင် တို့၏ စည်းစိမ် သည် သူ တို့၏ဆင်းရဲ ကို မစသဖြင့် ၎င်း၊ နောင်၌ သူ တို့၏စည်းစိမ် သည် သင် တို့၏ဆင်းရဲ ကိုမစ သဖြင့် ၎င်း၊ အညီအမျှ ဖြစ်စေ ခြင်းငှာ ငါအကြံရှိ၏။ 16 ထိုသို့ သင် တို့၏ အကျိုးကိုပြုစု ချင် သော စေတနာစိတ် ကို ဘုရားသခင် သည် တိတု အားလည်း ပေး တော်မူသော ကျေးဇူး တော်ကြီးလှပေ၏။ 17 ထိုသူသည် ငါတိုက်တွန်း သောစကားကို နားထောင် သည်သာမက ၊ အလွန် စေတနာစိတ် အားကြီး၍ သင် တို့ဆီသို့ အလိုအလျောက် သွား ၏။ 18 ဧဝံဂေလိ တရားကိုဟောပြော၍ အသင်းတော် အပေါင်း တို့၌ ချီးမွမ်း ခြင်းကိုခံရသောညီ ကိုလည်း တိတု နှင့်အတူ ငါတို့စေလွှတ် ကြ၏။ 19 9ထိုညီမူကား၊ သခင် ဘုရား၏ ဂုဏ် အသရေတော်ကို၎င်း ၊ ကိုယ် စေတနာစိတ် ကို၎င်း၊ ငါ တို့သည် ထင်ရှားစေ၍၊ အသင်းတော် များ၏အလှူ ကျေးဇူးကို ပြုစု သည့်အမှုမှာ ငါ တို့နှင့်အတူ သွား စေခြင်းငှာ၊ အသင်းတော်တို့သည် ရွေးကောက်၍ ခန့်ထား သောသူ ဖြစ်သတည်း။ 20 ငါ တို့သည် ထို များစွာ သော အလှူကျေးဇူးကို ပြုစု ရာတွင် အပြစ်တင် စရာအကြောင်း အလျှင်းမ ရှိစေခြင်းငှာသတိပြုကြ၏။ 21 သခင် ရှေ့ တော်၌သာမက ၊ လူတို့ ရှေ့ ၌ တင့်တယ် လျောက်ပတ်သော အကျင့်ကိုကြံစည် ကြ၏။ 22 ထိုသူ နှစ်ယောက်နှင့်အတူအခြားသောညီ ကိုလည်း စေလွှတ် ကြ၏။ ထိုညီ မူကား၊ ငါ တို့သည်အရာရာ ၌ အဖန်ဖန် စုံစမ်း ၍သိသည်အတိုင်းလုံ့လ ပြုသောသူဖြစ် ၏။ယခု ၌သင် တို့ကိုအလွန် ယုံ သောကြောင့်သာ၍ လုံ့လ ပြု၏။ 23 တိတု သည်အဘယ်သို့သောသူနည်းဟု တစ်စုံတစ်ယောက်မေးလျှင်ငါ ၏အပေါင်းအဘော် ဖြစ်၏။ သင် တို့ အမှုကိုငါနှင့်အတူဆောင်ရွက်သောသူလည်း ဖြစ်၏။ အခြားသော ညီအစ်ကို တို့မူကား၊ အဘယ်သို့သောသူ နည်းဟုမေးလျှင်၊ အသင်းတော် များ၏ တမန် ဖြစ်ကြ၏။ ခရစ်တော် ၏ဘုန်း အသရေလည်း ဖြစ်ကြ၏။ 24 ထိုကြောင့် ၊ သင် တို့၏ချစ် ခြင်းမေတ္တာကို၎င်း ၊ ငါ တို့သည်သင် တို့ကြောင့် ကြွားဝါ ခြင်းအကြောင်း ကို၎င်း၊ အသင်းတော် များမျက်မှောက် ၌ ထိုသူ တို့အား ထင်ရှား စွာပြ ကြလော့။
91 သန့်ရှင်း သူတို့ကို လုပ်ကျွေး ခြင်း၏ အမူအရာများကို သင် တို့အား ငါ ရေး ၍ကြားလိုက်သော် အကျိုးမရှိ။ 2 အကြောင်းမူကား ၊ သင် တို့၏ စေတနာစိတ် ကိုငါသိ ၏။ သင် တို့၌ရှိ သောထိုစေတနာစိတ် ကို ငါဝါကြွား ၍ အခါယ ပြည်သူပြည်သားတို့သည် မနှစ် ကပင် အသင့်ရှိ ကြပြီဟုမာကေဒေါနိ လူတို့အား ငါဆို တတ်၏။ ထိုသို့သင် တို့ စေတနာစိတ်အားကြီးခြင်း အကြောင်းအရာသည် အများ သောသူတို့ကို နှိုးဆော်တိုက်တွန်း လေပြီ။ 3 သို့သော်လည်း ငါ တို့သည် သင် တို့ကို ဝါကြွား သော စကားသည် ဤ အမှု၌ အချည်းနှီး မ ဖြစ်စေဘဲ၊ ထို စကား နှင့်အညီ သင်တို့သည်အသင့် ရှိ စေခြင်းငှာညီအစ်ကို အချို့ကို ငါစေလွှတ် ၏။ 4 သို့မဟုတ် မာကေဒေါနိ လူတို့သည် ငါ နှင့်အတူ လာ ၍ သင် တို့သည်အသင့်မရှိ ကြသည်ကိုတွေ့ လျှင်၊ သင် တို့ရှက် ကြလိမ့်မည်ဟု မ ဆို ဘဲ၊ ငါ တို့သည် ရဲရင့်စွာ ဝါကြွားခဲ့ပြီးသည်ကို အရှက်ခံရကြလိမ့်မည်။ 5 ထိုကြောင့် အထက် က ကြားပြောသော သင်တို့၏ အလှူကျေးဇူးသည် အနိုင်အထက် လှူရသော ဥစ္စာ ကဲ့သို့ မ ဟုတ်။ အလှူ ကျေးဇူးကဲ့သို့ အသင့် ရှိ စေခြင်းငှာ၊ ညီအစ်ကို တို့သည် သင် တို့ဆီသို့ အရင်သွား စေ၍ ထို အလှူကျေးဇူး ကို အရင်ပြည့်စုံစေခြင်းငှာ၊ ငါသည် မတိုက်တွန်း ဘဲ မနေကောင်း ဟုသဘော ရှိ၏။ 6 အနည်းငယ် သောမျိုးစေ့ကိုကြဲ သောသူ သည်စပါးအနည်းငယ် သာ ရိတ် ရမည်။ များစွာ ကြဲ သောသူ သည် များစွာ ရိတ် ရမည်ဟု မှတ်ကြလော့။ 7 လူ တိုင်း ကိုယ်အလိုအလျောက်လှူရ၏။ နှမြော သောစိတ်နှင့် မ လှူရ၊ မလှူဘဲ မနေရဟု စိတ်ထင်နှင့် မလှူရ၊ အကြောင်းမူကား ၊ စေတနာ စိတ်နှင့်လှူသော သူ ကိုသာ ဘုရားသခင် နှစ်သက် တော်မူ၏။ 8 ကျမ်းစာ လာသည်ကား ၊ သူသည်စွန့်ကြဲ ပြီ၊ ဆင်းရဲ သောသူ တို့အား ပေးကမ်း ပြီ။ 9 သူ ၏ဖြောင့်မတ်ခြင်း သည် အစဉ်အမြဲ တည် တတ်၏ဟုလာသည်နှင့်အညီ၊ သင် တို့သည်အရာရာ ၌ သုံး လောက်သောဥစ္စာအမျိုးမျိုး နှင့် အစဉ် ရှိ ၍၊ ကောင်း သော အကျင့် အမျိုးမျိုး နှင့် ထူးသဖြင့်ပြည့်စုံမည် အကြောင်း၊ အမျိုးစုံ သောမင်္ဂလာ ကျေးဇူးနှင့် အထူးသဖြင့်ပြည့်စုံ စေခြင်းငှာ ဘုရားသခင် တတ်နိုင် တော်မူ၏။ 10 မျိုးစေ့ ကြဲ သော သူ အားမျိုးစေ့ ကို၎င်း ၊ အစာ အာဟာရကို၎င်း၊ ပေး တော်မူသောသူ သည်၊ သင် တို့အား မျိုးစေ့ ကို ပေး ၍ ပွားများ စေတော်မူမည်။ သင် တို့၏ ဖြောင့်မတ် ခြင်းကိုလည်း ကြွယ်ဝ စေတော်မူမည်။ 11 ထိုသို့သင်တို့သည် စေတနာစိတ်နှင့် အမျိုးမျိုး သောစွန့်ကြဲ ပေးကမ်းခြင်းအလို့ငှာအရာရာ ၌ ကြွယ်ဝ ခြင်း ရှိသည်ဖြစ်၍၊ ငါ တို့အားဖြင့် ဘုရားသခင် ၏ ကျေးဇူး တော်ကို ချီးမွမ်းစရာအကြောင်းရှိ လိမ့်မည်။ 12 အဘယ်သို့ နည်းဟူမူကား၊ ဤ လုပ်ကျွေး ခြင်းအမှု သည် သန့်ရှင်း သူတို့၏ ဆင်းရဲ ခြင်းကို မစ သည် သာမက ၊ ဘုရားသခင် ၏ကျေးဇူး တော်ကို ချီးမွမ်းစရာ အကြောင်းအများ နှင် ပြည့်စုံ လျက်ရှိ၏။ 13 သင် တို့သည်ခရစ်တော် ၏ ဧဝံဂေလိ တရားအလိုသို့ ထင်ရှားစွာလိုက်ခြင်း အလိုကို၎င်း ၊ ထိုသန့်ရှင်း သူတို့မှစသော လူအပေါင်း တို့အား ကြည်ညိုသော စေတနာစိတ်နှင့် စွန့်ကြဲ ပေးကမ်းခြင်း အရာကို၎င်း၊ သူတို့သည် အောက်မေ့ သောအခါ ၊ ဤ လုပ်ကျွေးခြင်း အမှု၏ လက္ခဏာ သက်သေ ကိုထောက် ၍ဘုရားသခင် ၏ ကျေးဇူးတော်ကို ချီးမွမ်း တတ်ကြ၏။ 14 သင် တို့၌ ထူးမြတ် သောဘုရားသခင် ၏ ကျေးဇူး တော်ကိုလည်း သူ တို့သည်ထောက်လျှင် ၊ သင် တို့အဘို့ အလိုငှာဆုတောင်း ၍၊ အလွန် ချစ်ခင်မြတ်နိုးခြင်းစိတ် ရှိကြ၏။ 15 ပြော ၍မကုန်နိုင်သော ဘုရားသခင် ၏ ဆုကျေးဇူး တော်ကို အောက်မေ့၍ ချီးမွမ်း ခြင်းရှိစေသတည်း။
101 သင် တို့၏မျက်မှောက် ၌ နှိမ့်ချ ခြင်း၊ မျက်ကွယ် ၌ သင် တို့ အမှုကိုစီရင်၍ ရဲရင့် ခြင်းရှိသော ငါ ပေါလု သည်၊ ခရစ်တော် ၏နူးညံ့ သိမ်မွေ့ဖြည်းညှင်း တော်မူခြင်းကို အကြောင်းပြ၍ သင် တို့ကိုတောင်းပန် ပါ၏။ 2 ငါ တို့သည်ဇာတိ ပကတိအလို သို့လိုက်၍ ကျင့် သောသူဖြစ်ကြသည်ဟု ထင်မှတ် သောသူ တို့အား၊ ငါကြံစည် သောရဲရင့် ခြင်းအတိုင်း သင်တို့ဆီသို့ ရောက်လာ သောအခါ ၊ ထိုမျှလောက်ရဲရင့် ခြင်းမ ရှိမည်အကြောင်း ငါတောင်းပန် ပါ၏။ 3 အဘယ်ကြောင့် နည်းဟူမူကား၊ ငါတို့သည် လူဇာတိ ၌ ကျင်လည် သော်လည်း၊ ဇာတိ ပကတိအလို သို့ လိုက်၍ စစ်တိုက်ကြ သည်မ ဟုတ်။ 4 ငါ တို့စစ်တိုက် ၍သုံးစွဲ သောလက်နက် သည် ဇာတိ ပကတိလက်နက်မ ဟုတ်။ ဘုရားသခင် ၏ တန်ခိုး တော်အားဖြင့် မြို့ရိုး မြို့ပြတို့ကို ဖြိုဖျက် နိုင်သော လက်နက် ဖြစ်၏။ 5 ထိုလက်နက်အားဖြင့်လူတို့၏အကြံအစည်တို့ကို၎င်း၊ ဘုရားသခင် ကိုသိသောပညာ ကို တားဆီး သော မာန် မာနရှိသမျှ တို့ကို၎င်း၊ နှိမ့်ချမှောက်လှန်၍၊ ခပ်သိမ်း သောစိတ် တို့ကို ဖမ်း သွားချုပ်ထားလျက် ၊ ခရစ်တော် ၏ စကားကို နားထောင် စေကြ၏။ 6 သင် တို့၏နားထောင်ခြင်း အမှုသည် ပြည့်စုံ ပြီးမှ ၊ နား မထောင်ဘဲနေသော သူအပေါင်း တို့ကို ဒဏ် ပေးခြင်းငှာ ငါတို့သည် အသင့် ရှိ ကြ၏။ 7 မျက်နှာ ကိုသာ ကြည့်မှတ် ကြသလော။ အကြင်သူ က၊ ငါသည်ခရစ်တော် ၏လူဖြစ် သည်ဟု မိမိ ၌ စွဲလမ်း ခြင်း ရှိ၏၊ ထိုသူ သည် ခရစ်တော် ၏လူဖြစ်သကဲ့သို့ ၊ ငါ တို့ သည်လည်း ခရစ်တော်၏လူဖြစ်ကြောင်း ကို တဖန် အလိုအလျောက် ဆင်ခြင်သိမှတ် စေ။ 8 သင် တို့ကို ပယ်ရှင်း ဖျက်ဆီးခြင်းအလိုငှာ မ ဟုတ်။ တည်ဆောက် ခြင်းအလိုငှာ သခင် ဘုရားသည် ငါတို့၌ အပ်ပေး တော်မူသော တန်ခိုး ကို ငါ သည်သာ၍ ဝါကြွား သော်လည်း ၊ ရှက်ကြောက် စရာအကြောင်းမ ရှိ၊ 9 ငါရေး ၍ ပေးလိုက်သောစာ အားဖြင့် သာ သင် တို့ကို ခြိမ်းချောက် သကဲ့သို့ ငါမပြု လို။ 10 အကြောင်းမူကား ၊ ထိုသူ၏ စာ သည် လေးလံ သောစာ၊ တန်ခိုးနှင့် ပြည့်စုံသော စာဖြစ် ၏။ ကိုယ်တိုင် ရှိ လျှင်မူကား ၊ သတ္တိမရှိ သောသူ၊ အချည်းနှီး သော စကား ကို ပြောသောသူဖြစ်သည်ဟုဆိုတတ် သောသူရှိ၏။ 11 ငါတို့သည်ကိုယ်တိုင်မရှိ ၍ စာ ၌ပါသော စကား အားဖြင့် ဖြစ် သကဲ့သို့ ၊ ကိုယ်တိုင် မျက်မှောက် ရှိသောအခါ အမှုအားဖြင့်ဖြစ် လိမ့်မည်ဟု ထို သူသည် ဆင်ခြင်သိမှတ် စေ။ 12 ကိုယ်ကိုကိုယ် ချီးမွမ်း သော သူ တို့နှင့် ရေတွက်ဝင်ခြင်း ကို၎င်း ၊ ပြိုင် နှိုင်းခြင်းကို၎င်း၊ ငါတို့မ ပြု ဝံ့။ ထိုသူ တို့သည် အချင်းချင်း တစ်ယောက် နှင့် တစ်ယောက်ခိုင်းနှိုင်း ခြင်း၊ ပြိုင် နှိုင်းခြင်းတို့ကိုပြု၍ ပညာ မဲ့ ဖြစ်ကြ၏။ 13 ထိုမှတစ်ပါး ၊ ကိုယ်ငန်းကိုယ်တာကို လွန်ကျူး ၍ ပြုသောအမှုအရာ ကို ငါတို့ဝါကြွား ခြင်းမ ရှိဝံ့၊ ဘုရားသခင် ဝေငှ တော်မူသောအငန်းအတာ ၏ အတိုင်း အရှည် အတွင်း တွင်ပြုသော အရာကိုသာ ဝါကြွားခြင်းရှိဝံ့၏။ ထိုအတိုင်း အရှည်သည် သင် တို့တိုင်အောင် ပင် မှီ သတည်း။ 14 သင်တို့တိုင်အောင်မမှီလျှင်၊ ငါတို့သည် လွန်ကျူး၍ ပြုကြသည်မဟုတ်။ အကြောင်းမူကား ၊ ခရစ်တော် ၏ ဧဝံဂေလိ တရားကိုဟောပြော၍ ၊ သင် တို့ရှိရာသို့ တိုင်အောင်ရောက် ကြပြီ။ 15 - 16 ငါတို့သည် ကိုယ်ငန်းကိုယ်တာကိုလွန်ကျူး ၍ ၊ သူတစ်ပါး အလုပ် ထဲသို့ ဝင်ခြင်းကြောင့် ဝါကြွား လေ့ရှိကြသည် မ ဟုတ်။ ထိုသို့သူ့ငန်း သူ့တာအတွင်း တွင်ပြင်ဆင် ပြီးသော အမှုအရာ ကို ဝါကြွား ခြင်းမ ရှိဘဲ၊ သင် တို့ ပြည် တစ်ဘက် သို့ကူး၍ ဧဝံဂေလိ တရားကို ဟောပြောရသောအခွင့်ရှိစေခြင်းငှာ ၊ သင် တို့ယုံကြည် ခြင်းပါရမီရင့် ပြီးမှ၊ ငါ တို့၏အငန်းအတာ သည် အလွန် ကျယ်ဝန်းမည်ဟု မြော်လင့် ခြင်းရှိ ၏။ 17 သို့ဖြစ်၍ ဝါကြွား သောသူ မည်သည်ကား၊ သခင် ဘုရား၌ သာ ဝါကြွား စေ။ 18 အကြောင်းမူကား ၊ ကိုယ်ကိုကိုယ် ချီးမွမ်း သောသူ သည် ဝန်ခံတော်မူသော သူဖြစ်သည်မ ဟုတ်။ သခင် ဘုရားချီးမွမ်း တော်မူခြင်းကို ခံရသော သူသာလျှင် ဝန်ခံ တော်မူသောသူ ဖြစ် သတည်း။
111 ငါ မိုက်မဲ သောအပြစ်ကို သင်တို့သည် ခဏ သည်းခံ စေခြင်းငှာငါအလိုရှိ ၏။ ခဏသည်းခံ ကြပါလော့။ 2 အကြောင်းမူကား ၊ ငါသည်သင် တို့ကို သီလ နှင့် ပြည့်စုံသောသတို့သမီး ကညာကဲ့သို့ခရစ်တော် အား ဆက် အံ့သောငှာ၊ သင် တို့ကို လင် တစ်ဦး နှင့် ထိမ်းမြား ဆောင်နှင်းပြီးသောကြောင့် ဘုရားသခင် ၏ အလိုတော် အတိုင်း စိုးရိမ် သောစိတ်နှင့် သင်တို့ကို စောင့်ရှောက်လျက် နေ၏။ 3 မြွေ သည် မိမိ ပရိယာယ် အားဖြင့် ဧဝ ကိုလှည့်စား သကဲ့သို့ ၊ သင် တို့သည် စိတ် ဆွေးမြေ့ ယိုယွင်း၍၊ ခရစ်တော် ကို အကြွင်းမဲ့ချစ်သောစိတ် ပျောက်မည်ဟု စိုးရိမ်ခြင်းရှိ၏။ 4 သင်တို့ရှိရာသို့ ရောက်လာ သောသူ သည် ငါတို့ မ ဟော မပြောသေးသော ယေရှု တပါး ကို ဟောပြော သော်၎င်း၊ သင်တို့သည်မ ခံရ သေးသော ဝိညာဉ် တော်တစ်ပါး ကို ခံရ သော်၎င်း၊ နားမ ထောင်သေးသော ဧဝံဂေလိ တရားစကားကိုနားထောင်သော်၎င်း၊ ထိုသူကို သည်းခံ ကောင်း ၏။ 5 ငါသည်အကြီးဆုံး သောတမန်တော် အောက် အလျှင်းမ ယုတ်သည်ကို ငါသဘော ရှိ၏။ 6 စကား အားဖြင့်လူရိုင်း ဟုတ်သော်လည်း ၊ ပညာ အားဖြင့်လူရိုင်း မဟုတ်။ သင် တို့တွင် အရာရာ ၌ ငါတို့ သည်အစဉ် ကိုယ်ကိုကိုယ်ထင်ရှား စွာပြကြပြီ။ 7 သင် တို့ကိုချီးမြှောက် ခြင်းငှာ ၊ ကိုယ်ကိုကိုယ် နှိမ့်ချ လျက်၊ ကျေးဇူးဆပ် ခြင်းကိုမခံဘဲ၊ သင် တို့အား ဘုရားသခင် ၏ဧဝံဂေလိ တရားကို ဟောပြော သည့်အရာမှာ ငါသည် အပြစ် ရှိ သလော။ 8 သင် တို့အမှု ကိုဆောင်ရွက်မည်အကြောင်း၊ အခြား သောအသင်းတော် များပေးသောစရိတ် ကို ငါခံ ၍၊ သူတို့ကို လုယူ ရာသို့ရောက်လေပြီတကား။ 9 သင် တို့နှင့်အတူ ရှိ နေ၍ တစ်စုံတစ်ခုကိုလို သောအခါ အဘယ်သူ ကိုမျှ ငါမ နှောင့်ရှက် ။ အကြောင်းမူကား ၊ မာကေဒေါနိ ပြည်က လာ သော ညီအစ်ကို တို့သည် ငါ လို သမျှကိုပေး ကြ၏။ သင် တို့ကို အလျှင်းမ နှောင့်ယှက်ဘဲ သတိ နှင့်နေခဲ့ပြီ။ နောင် ၌လည်း သတိ နှင့်နေဦးမည်။ 10 ခရစ်တော် ၏သစ္စာ တရားသည် ငါ ၌ ရှိ သည် ဖြစ်၍ ၊ အခါယ ပြည် များတို့၌ ဤသို့ ငါ ဝါကြွား သည်အမှု ကို အဘယ်သူ မျှမဆီးတား ရ။ 11 အဘယ်ကြောင့် နည်း၊ သင် တို့ကိုငါမ ချစ် သလော။ ဘုရားသခင် သိ တော်မူ၏။ 12 အခွင့် ရလို သောသူ တို့သည် အခွင့် မ ရစေခြင်းငှာ ၎င်း၊ ဝါကြွား ခြင်းအရာ၌ သူတို့သည် ငါ ကဲ့သို့ ထင်ရှားစွာဖြစ် စေခြင်းငှာ ၎င်း၊ ငါပြုခဲ့ပြီးသည်အတိုင်း အစဉ်ပြု ဦးမည်။ 13 အကြောင်းမူကား ၊ ထိုသူ တို့သည် မိစ္ဆာ တမန်တော်ဖြစ်ကြ၏။ ခရစ်တော် ၏ တမန် ဖြစ်ယောင်ဆောင် လှည့်ဖြား တတ်သော အမှု စောင့်ဖြစ်ကြ၏။ 14 ဤအမှုသည် အံ့ဩဖွယ် ဖြစ်သည်မ ဟုတ်။ စာတန် ပင်လျှင် လင်း သောကောင်းကင်တမန် ဖြစ် ယောင်ဆောင် တတ်၏။ 15 သို့ဖြစ်၍ သူ၏ဆရာ တို့သည်လည်း ဖြောင့်မတ် ခြင်းတရား ကို ဟောသောဆရာဖြစ်ယောင်ဆောင် လျှင်၊ အဘယ်ဆိုဘွယ်ရှိသနည်း။ သူ တို့သည် ကိုယ်ကျင့်သောအကျင့် အတိုင်း နောက်ဆုံး ၌အကျိုးအပြစ်ကို ခံရ ကြ လတံ့။ 16 တဖန် ငါဆို သည်ကား၊ ငါ့ ကိုသူရူး ဖြစ် သည်ဟု အဘယ်သူ မျှ မ ထင် စေနှင့်။ သို့မဟုတ် ငါဝါကြွား စရာ အခွင့်အနည်းငယ် ရှိစေခြင်းငှာ ငါ့ ကိုသူရူး ကဲ့သို့ မှတ်၍ သည်းခံ ကြလော့။ 17 ဤသို့ငါပြော သောစကားမှာ သခင် ဘုရား၏ နည်းတူ ငါပြော သည်မ ဟုတ်။ သူရူး ကဲ့သို့ ရဲရင့် စွာဝါကြွား လျက်ပြောဆို၏။ 18 လူ များတို့သည် လောကီ အခြင်းအရာ၌ ဝါကြွား သောကြောင့် ငါ သည်လည်းဝါကြွား ရ၏။ 19 သင်တို့သည်လိမ္မာ သောသူဖြစ် သောကြောင့်၊ သူရူး တို့ကို စေတနာ စိတ်နှင့် သည်းခံ ကြ၏။ 20 သူတစ်ပါးသည် သင် တို့ကို ကျွန် ခံစေခြင်း၊ ရောင်း ၍စားခြင်း၊ ဥစ္စာကိုလုယူ ခြင်း၊ ရန်တွေ့ခြင်း၊ ပါးပုတ် ခြင်းကိုပြုလျှင် သင်တို့သည် သည်းခံ ကြ၏။ 21 ငါတို့သည်အစွမ်းသတ္တိမရှိဟုကဲ့ရဲ့ခြင်းကို အမှတ်ပြု၍ ငါပြော၏။ အကြင်အရာကို သူတစ်ပါး မှီဝဲ၍ ရဲရင့်၏။ ထိုအရာကိုငါမှီဝဲ၍ ရဲရင့် ခြင်းရှိ၏ဟု သူရူး ကဲ့သို့ငါဆို ၏။ 22 သူတို့သည် ဟေဗြဲ လူဖြစ် ကြသလော။ ငါ သည်လည်းဖြစ်၏။ သူတို့သည် ဣသရေလ လူဖြစ် ကြသလော။ ငါ သည်လည်းဖြစ်၏။ သူတို့သည်အာဗြဟံ အမျိုး ဖြစ် ကြသလော။ ငါ သည်လည်းဖြစ်၏။ 23 သူတို့သည်ခရစ်တော် ၏ ဓမ္မဆရာ ဖြစ် ကြသလော။ငါ သည် အထူးသဖြင့် ဖြစ်၏ဟု သူရူး ကဲ့သို့ဆို ရ၏။ ပင်ပန်းစွာအမှုကို အထူးသဖြင့်ဆောင်ရွက် သောသူ၊ ရိုက်ပုတ်ခြင်း၊ ထောင် ထဲ၌ လှောင်ထားခြင်းကို အထူးသဖြင့် ခံရသောသူ၊ သေ ဘေး နှင့် အကြိမ်ကြိမ် တွေ့ကြုံသောသူဖြစ်၏။ 24 ငါးကြိမ် မြောက်အောင် ယုဒ လူတို့လက်တွင် ဒဏ်ချက်လေးဆယ် တစ်ခု ယုတ်ငါခံ ခဲ့ရပြီ။ 25 သုံး ကြိမ်မြောက်အောင်ကြိမ်လုံး နှင့် ရိုက်ခြင်းကို၎င်း၊ တစ် ကြိမ်ခဲ နှင့်ပစ်ခြင်းကို၎င်း ငါခံရပြီ။ သုံး ကြိမ်မြောက်အောင် သင်္ဘော ပျက်ခြင်းကို ခံရပြီ။ တစ် နေ့နှင့် တညဉ့်ပတ်လုံးပင်လယ် ထဲမှာ နေ ရပြီ။ 26 အကြိမ်ကြိမ် ဒေသစာရီ လှည့်လည်ပြီး။ မြစ် ကို ကူးသောဘေး ၊ ဓါးပြ တိုက်သောဘေး ၊ အမျိုးသား ချင်းပြုသောဘေး ၊ တစ်ပါး အမျိုးသားပြုသောဘေး ၊ မြို့ ရွာ၌ ရောက်သောဘေး ၊ တော ၌ ရောက်သောဘေး ၊ ပင်လယ် ဘေး ၊ ညီအစ်ကို ဖြစ်ယောင်ဆောင်သော သူတို့ပြုသော ဘေး ၊ ဤဘေးများကို ငါတွေ့ခဲ့ပြီ။ 27 ပင်ပန်း စွာအမှု ဆောင်ရွက်ခြင်း၊ အကြိမ် များစွာမအိပ်ဘဲစောင့် နေခြင်း၊ မွတ်သိပ် ခြင်း၊ ရေငတ် ခြင်း၊ အကြိမ်ကြိမ် အစာရှောင် ခြင်း၊ အချမ်းအအေး ခံရခြင်း၊ အဝတ် အချည်းစည်းရှိခြင်း၊ ဤဆင်းရဲခြင်းများကို ငါခံ ခဲ့ပြီ။ 28 ထိုအပမှုမှတပါး၊ အသင်းတော် အပေါင်း တို့ကို စိုးရိမ်သောစိတ်နှင့် ကြည့်ရှု ပြုစု၍ နေ့တိုင်း အစဉ် နှောင့်ရှက်ခြင်းကို ငါခံခဲ့ရ၏။ 29 ငါမ နွမ်းရိ ဘဲအဘယ်သူ နွမ်းရိ သနည်း။ ငါ သည် စိတ် မ ပူပန်ဘဲ အဘယ်သူ ဖောက်ပြန် သနည်း။ 30 ငါသည်မဝါကြွား ဘဲမနေရသည်မှန်လျှင် ၊ ကိုယ် နွမ်းရိ သောအဖြစ်ကိုသာ အကြောင်းပြု၍ ဝါကြွား မည်။ 31 ငါသည်မုသာ မ ပြောသည်ကို ထာဝရ မင်္ဂလာ ရှိ တော်မူသော ငါတို့သခင် ယေရှု ခရစ်၏ခမည်းတော် ဘုရားသခင် သိ တော်မူ၏။ 32 ဒမာသက် မြို့၌ အရေတ မင်းကြီး ခန့်ထားသောမြို့ဝန် သည် ငါ့ ကို ဖမ်းဆီး ခြင်းငှာအလိုရှိ၍၊ ဒမာသက် မြို့ ကိုစောင့် စဉ်တွင်၊ 33 3တပည့်တော်တို့သည် ငါ့ကိုတောင်း ၌ ထည့်ပြီးလျှင် ၊ ပြတင်းပေါက် မှထုတ်၍ မြို့ရိုး ပေါ်က လျှော့ချ သဖြင့် ထိုမြို့ဝန်လက် မှ ငါပြေး၍လွတ် ရ၏။
121 ငါသည်ဝါကြွား ခြင်းကိုမ ပြု သင့်လျှင်၊ သခင် ဘုရားပြတော်မူသော ထူးဆန်းသောရူပါရုံ နှင့် ဗျာဒိတ် တော်များကို တဖန်ပြောဦးမည်။ 2 တစ်ဆယ့်လေး နှစ် အထက် က၊ ခရစ်တော် ၏ တပည့်ဖြစ်သော လူ တစ်ယောက်ကို တတိယ ကောင်းကင် သို့ တိုင်အောင်ချီဆောင် သည်အကြောင်းကို ငါသိ ၏။ ထိုအခါသူ၌ ကိုယ်ခန္ဓာပါသည်မပါသည်ကို ငါမ သိ ။ ဘုရားသခင် သိ တော်မူ၏။ 3 ထိုသူသည်ပရဒိသု ဘုံသို့ ချီဆောင် ခြင်းကိုခံရ၍၊ လူ မ ပြော အပ် မပြောနိုင်သောစကား ကို ကြား သည့် အကြောင်း ကိုငါသိ ၏။ 4 ထိုအခါ ကိုယ်ခန္ဓာ ပါသည် မပါသည်ကို ငါမ သိ ၊ ဘုရားသခင် သိ တော်မူ၏။ 5 ထိုသို့သော သူကို ဝါကြွား မည်။ နွမ်းရိအားနည်း ခြင်းမှတစ်ပါး ကိုယ် ဂုဏ်ကို မ ဝါကြွား ။ 6 ဝါကြွား ခြင်းငှာအလိုရှိ လျှင် လည်း၊ သူရူး ဖြစ် သည်မ ဟုတ်။ အကြောင်းမူကား ၊ ငါသည်ဟုတ်မှန် စွာ ပြော တတ်၏။ တစ်စုံတစ်ယောက် သောသူသည် ငါ့ ကိုမြင် သည်ထက်၊ ငါ့ သတင်းကိုကြား သည်ထက်၊ ငါ့ကို သာ၍မ ထင် စေခြင်းငှာငါမပြောဘဲနေ၏။ 7 ငါခံရသောဗျာဒိတ် တော် အလွန် ထူးမြတ်၍ ငါသည်ထောင်လွှား သောစိတ်မ ရှိစေခြင်းငှာ ၊ ငါ့ ကို ဒဏ်ခတ် သော စာတန် ၏တမန် တည်းဟူသောငါ့ ကိုယ် ၌ စူးသော ဆူးကို ပေး တော်မူ၏။ 8 ထို ဆင်းရဲခြင်းနှင့်ကင်းလွတ် မည်အကြောင်း သုံး ကြိမ်မြောက်အောင် သခင် ဘုရားကိုငါဆုတောင်း၍ အသနားတော်ခံပြီးလျှင်၊ 9 ငါ့ ကျေးဇူး သည် သင့် အဘို့လောက် ပေ၏။ ငါ့တန်ခိုး သည် အားနည်း ခြင်းအဖြစ်၌ စုံလင် တတ်သည် ဟု မိန့် တော်မူ၏။ ထိုကြောင့် ခရစ်တော် ၏ တန်ခိုး သည် ငါ့ အပေါ် ၌ကျိန်းဝပ် မည်အကြောင်း ငါ ကိုယ်၌ အားနည်း ခြင်းအဖြစ်ကို ဝမ်းမြောက် သောစိတ်နှင့် ဝါကြွား ခြင်းငှာသာ၍ ငါအလိုရှိ၏။ 10 သို့ဖြစ်၍ ခရစ်တော် ကြောင့် ခံရသော အားနည်း ခြင်း၊ ကဲ့ရဲ့ ခြင်း၊ ဆင်းရဲ ခြင်း၊ ညှဉ်းဆဲ နှိပ်စက်ခြင်း၊ ကျပ်တည်းစွာသော ဒုက္ခ ဝေဒနာခံခြင်းတို့ကို ငါနှစ်သက် ၏။ အကြောင်းမူကား ၊ ငါသည် အားနည်း သောအခါ တန်ခိုး နှင့် ပြည့်စုံလျက်ရှိ ၏။ 11 ငါသည် ဝါကြွားတတ်သော သူရူး ဖြစ် သလော။ ထိုသို့ဖြစ်လျှင်၊ သင် တို့သည် ငါ့ ကိုအနိုင် အထက်ဖြစ်စေကြပြီ။ အဘယ်သို့နည်းဟူမူကား၊ သင် တို့ချီးမွမ်း ခြင်းကို ငါ ခံသင့်၏။ ငါသည် ဘာ မျှမဟုတ် သော်လည်း ၊ အကြီးဆုံး သောတမန်တော် အောက် အလျှင်းမ ယုတ်မညံ့။ 12 အကယ်စင်စစ် သည်းခံ ခြင်းနှင့်တကွ နိမိတ် လက္ခဏာအံ့ဘွယ် သောအမှု၊ ထူးဆန်းသော တန်ခိုး များ အားဖြင့်တမန်တော် ၏လက္ခဏာ တို့ကို သင် တို့တွင် ထင်ရှား စွာပြပြီ။ 13 ငါ သည်သင် တို့ကို မ နှောင့်ရှက် သော အရာ တစ်ခုကို ထားလျှင်၊ သင်တို့သည် အခြား သော အသင်းတော် ထက် အဘယ်သို့ ယုတ်ညံ့သနည်း။ထိုသို့ ငါ ပြစ်မှားသောအပြစ် ကို သည်းခံ ကြလော့။ 14 ဤ တတိယ အကြိမ်သင် တို့ဆီသို့ သွား ခြင်းငှာငါသည်အသင့် ရှိ ၏။ သင်တို့ကိုနှောင့်ရှက် မည်ဟု အကြံ မ ရှိ။ သင် တို့ဥစ္စာကို ငါရှာ သည်မ ဟုတ်။ သင် တို့ကိုသာ ရှာ၏။ သားသမီး တို့သည် မိဘ အတွက် ဥစ္စာ ကို ဆည်းပူးရသည်မ ဟုတ်။ မိဘ တို့သည် သားသမီး တို့အတွက် ဆည်းပူးရ၏။ 15 ငါ သည်သင် တို့ကို ချစ် ခြင်းမေတ္တာ စိတ်တိုးပွား သည်အတိုင်း သင်တို့သည် ငါ့ကိုချစ် ခြင်းမေတ္တာစိတ် ဆုတ်ယုတ် သော်လည်း ၊ သင် တို့ စိတ် ဝိညာဉ်၏ အကျိုး အလိုငှာ ငါသည်ကိုယ်ဥစ္စာကို၎င်း၊ ကိုယ်ကို၎င်း၊ ကုန်စေခြင်းငှာအလွန်စေတနာရှိ၏။ 16 သင် တို့ကိုငါ မ နှောက်ယှက် သည် မှန်စေတော့။ သို့သော်လည်း ၊ လိမ္မာ သောသူဖြစ် ၍ပရိယာယ် အားဖြင့်သင် တို့ကိုဘမ်းဆီး ပြီဟုဆိုလျှင်၊ 17 တစ်စုံတစ်ယောက် သောသူ ကို သင် တို့ဆီသို့ စေလွှတ် ၍၊ သင် တို့၏ဥစ္စာကို ပရိယာယ် အားဖြင့် ငါယူသလော။ 18 တိတု သည် သင် တို့ဆီသို့ သွားမည်အကြောင်း ငါတောင်းပန် ၍၊ သူနှင့်တကွအခြားသော ညီ တစ်ယောက်ကို စေလွှတ် ၏။ တိတု သည် ပရိယာယ် အားဖြင့်သင်တို့၏ဥစ္စာကိုယူသလော။ ငါတို့သည် စိတ် သဘောချင်းတူ ၍ကျင့် ကြသည် မ ဟုတ်လော။ တလမ်းတည်း လိုက်ကြသည် မ ဟုတ်လော။ 19 တဖန်တုံ၊ ငါတို့သည်သင် တို့ရှေ့၌ ကိုယ်အပြစ် ဖြေရာစကားကို ပြောသည်ဟုထင် ကြသလော။ ခရစ်တော် ကိုထောက်၍ ဘုရားသခင် ရှေ့ ၌ငါတို့ ပြော ကြ၏။ ချစ်သူ တို့၊ ငါတို့ပြုသမျှ မှာ သင် တို့ကို တည်ဆောက် ခြင်းအလိုငှာ ပြုကြ၏။ 20 ငါရောက်လာ သောအခါ၊ သင် တို့သည် ငါ နှစ်သက် သောသူမ ဖြစ်၊ ငါ သည်လည်း သင် တို့ မ နှစ်သက် သောသူ ဖြစ်မည်ဟူ၍၎င်း၊ သင်တို့၌ရန်တွေ့ ခြင်း၊ ဂုဏ်ပြိုင် ခြင်း၊ အမျက်ထွက် ခြင်း၊ ငြင်းခုံခြင်း၊ သူ့ အသရေကိုရှုတ်ချခြင်း၊ ချောစားခြင်း၊ မာန ထောင်လွှားခြင်း၊ အချင်းချင်း အမှုလုပ်ခြင်းဖြစ်မည်ဟူ၍၎င်း၊ 21 အထက် ကပြစ်မှား၍ ညစ်ညူး စွာကျင့်ခြင်း၊ မတရား သောမေထုန်၌ မှီဝဲခြင်း၊ ကိလေသာ လွန်ကျူးခြင်းအမှုတို့ကို ပြုမိ၍၊ ယခုတိုင်အောင်နောင်တ မ ရသော သူအများကြောင့် ငါစိတ်မသာညည်းတွားရသဖြင့်၊ သင် တို့ရှေ့ ၌ ဘုရားသခင် သည် ငါ့ ကိုနှိမ့်ချ တော်မူမည်ဟူ၍၎င်း စိုးရိမ် ခြင်းရှိ၏။
131 ဤ တတိယ အကြိမ်တွင် သင် တို့ဆီသို့ ငါလာ မည်ဖြစ်၍၊ သက်သေခံ နှစ် ဦးသုံး ဦးအားဖြင့် စကား ရှိသမျှ တို့သည် တည် ရလိမ့်မည်။ 2 တဖန် ငါရောက်လာ လျှင် သင်တို့ကိုမ သနား ရဟု ပြစ်မှားသော သူမှစ၍ ကြွင်း သောသူ အပေါင်း တို့အား အထက် က ငါပြောသည်သာမက၊ ယခုပင် သင်တို့နှင့်အတူမ ရှိသော်လည်း ၊ တဖန်ရှိ ဘိသကဲ့သို့ ငါပြော နှင့်၏။ 3 သင် တို့တွင် အားနည်း တော်မ မူ၊ အားကြီး တော်မူသော ခရစ်တော် သည် ငါ ၌ ဗျာဒိတ် ပြတော်မူခြင်းသက်သေ ကို သင်တို့သည် ရှာ သောကြောင့်၊ ငါရောက်လာသောအခါ မသနားရ။ 4 အကြောင်းမူကား ၊ ထိုခရစ်တော်သည် အားနည်း ခြင်းနှင့် လက်ဝါးကပ်တိုင် မှာ အသေခံသော်လည်း၊ ဘုရားသခင် ၏တန်ခိုး တော်နှင့် အသက် ရှင်တော်မူ၏။ ငါ တို့သည်လည်း ခရစ်တော် ၏နည်းတူ အားနည်း သော်လည်း၊ သင် တို့တွင် ပြသော ဘုရားသခင် ၏ တန်ခိုး တော်အားဖြင့် ခရစ်တော် နှင့်အတူ အသက် ရှင်ခြင်း ရှိကြလိမ့်မည်။ 5 သင်တို့သည်ယုံကြည် ခြင်း၌ တည် သလော၊ မတည်လောဟု ကိုယ်ကိုကိုယ် စစ်ကြော ကြလော့။ ကိုယ်ကိုကိုယ် စုံစမ်း ကြလော့။ အစစ် မခံနိုင်သော သူမမှန် လျှင် ၊ ယေရှု ခရစ် သည် သင် တို့၌ တည်တော်မူသည်ဟု ကိုယ် အကြောင်းကိုယ်မ သိ ကြလော။ 6 ငါ တို့သည် အစစ် ခံနိုင်သောသူဖြစ် သည်ကိုသင်တို့သိ ကြလိမ့်မည်ဟု ငါထင်မှတ် မြော်လင့်ခြင်းရှိ၏။ 7 ငါ တို့သည် အစစ် ခံနိုင်ကြောင်း ကို ထင်ရှား စေခြင်းငှာငါအလိုရှိသည်မ ဟုတ်။ အစစ် မခံနိုင်သော သူကဲ့သို့ ထင် သော်လည်း၊ သင် တို့သည် ကောင်းမွန် စွာ ကျင့် စေခြင်းငှာ ၊ မကောင်း သောအကျင့်တစ်စုံတစ်ခု ကိုမျှ မ ကျင့် မည်အကြောင်း၊ ငါသည် ဘုရားသခင် ကို ဆုတောင်း ပဌနာပြု၏။ 8 ငါတို့သည်သမ္မာတရား ကို ဆီးတား ခြင်းငှာ အလျှင်း မ တတ်နိုင် ကြ။ 9 သမ္မာတရား ဘက်၌နေ၍သာ တတ်နိုင်ကြ၏။ ငါ တို့သည်အားနည်း ၍ သင် တို့သည်အားကြီး သောအခါ ၊ ငါတို့သည် ဝမ်းမြောက် ခြင်းရှိ ကြ၏။ သင် တို့သည် စုံလင် မည်အကြောင်းကိုသာ အလိုရှိကြ၏။ 10 ထိုကြောင့် ပယ်ရှင်း ဖျက်ဆီးခြင်းအလိုငှာ မ ဟုတ်၊ တည်ဆောက် ခြင်းအလိုငှာ သခင် ဘုရားသည် ငါ ၌ အပ်ပေး တော်မူသောတန်ခိုး ရှိသည်အတိုင်း ငါသည် ရောက်လာ သောအခါ ပြင်းစွာ သောဒဏ်ကို မ ပေး လို၍၊ ယခုသင်တို့နှင့် ကွာဝေး သေးသည်ကာလ ဤသို့ ငါရေး လိုက်၏။ 11 ကြွင်း သေးသောစကားဟူမူကား၊ ညီအစ်ကို တို့၊ သင်တို့၌ မင်္ဂလာရှိပါစေသော။ စုံလင် ခြင်း၊ သက်သာ ဝမ်းမြောက် ခြင်းရှိကြလော့။ စိတ် တညီတညွတ် တည်းဖြစ်၍၊ အချင်းချင်းအသင့်အတင့် နေကြလော့။ သို့ဖြစ်၍ မေတ္တာ ကို၎င်း ၊ အသင့်အတင့် နေခြင်း ချမ်းသာကို၎င်း ပေးတော်မူသော ဘုရားသခင် သည် သင် တို့နှင့်အတူ ရှိ တော်မူလတံ့။ 12 အချင်းချင်း တစ်ယောက်ကိုတစ်ယောက် သန့်ရှင်း သော နမ်း ခြင်းနှင့် နှုတ်ဆက် ကြလော့။ 13 သန့်ရှင်း သူအပေါင်း တို့သည် သင် တို့ကို နှုတ်ဆက် ကြ၏။ 14 သခင် ယေရှု ခရစ် ၏ ကျေးဇူး တော်၎င်း ၊ ဘုရားသခင် ၏ မေတ္တာ တော်၎င်း၊ သန့်ရှင်း သော ဝိညာဉ် တော်၏ မိဿဟာယ တော်၎င်း၊ သင် တို့အပေါင်း ၌ ရှိစေသတည်း။ အာမင်။